လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

Thursday 6 October 2011

ကဗျာများ

ထာဝရ – မောင်စိန်ဝင်း (ပုတီးကုန်း)

အိပ်မက်စမ်းချောင်း၊
ဖြတ်သန်းစီးဆဲ၊ စူးရဲဖြာကျ၊
ဘဝနေပူ၊ စုပ်ယူခန်းခြောက်၊
စမ်းရေပျောက်၏။
ဆုံစည်းမှုပန်းငုံ၊
ထုံမည်ပွင့်ဆဲ၊ မုန်တိုင်းထဲမှာ
အလွှာလေကြမ်း၊ ဝှေ့ယမ်းခြွေချ၊
ပန်းကြွေကျ၏။
သမုဒယအမြစ်၊
သူ့ မှသူ့  ဆိုတဲ့ “အချစ်”၊
နှစ်လကြာရှည်၊ ရာသီများစွာ၊
ဘယ်သူမှ လာမနှုတ်၊
အလွမ်းသမုဒ္ဒရာလဲ၊
စမ်းမဟုတ်ပါဘဲ၊
အစဉ်အမြဲနေ၊ သခင်ခွဲပေမယ့်၊
ရင်ထဲထာဝရရှိနေသည်။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)

အပြောင်းအလဲ – မောင်စိန်ဝင်း ( ပုတီးကုန်း )

နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။
သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်ြးွေကမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။
ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။
ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ဝိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။
ဪသာ် နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ။
ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ၊
ဘဝဆိုတာ ဒါပဲ ခင်။
မောင်စိန်ဝင်း ( ပုတီးကုန်း )

အချစ်ဦး – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။
မောင်စိန်ဝင်း (ပုတီးကုန်း)

မာယာမိုး – မောင်စိန်ဝင်း(ပုတီးကုန်း) Buzz

ပြိုမယောင်၊
ဟိုတောင်ကမိုး …. ။
လေအဝှေ့မှာတော့၊
ရေငွေ့တွေ ဘယ်ဆီတိမ်းပါလို့၊
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ၊
ဝေဒနာပူ ပူသရွေ့ကို
ကွယ် ………………..
သူမေ့မှာစိုး ………………….။
မောင်စိန်ဝင်း(ပုတီးကုန်း)

လှေပေါ်မှာ – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz

တစ်သက်မဝေးအောင်လို့၊
ငှက်ကလေးတွေ အစာကျွေး၊
ယတြာပေးသမျှကိုလဲ ချေဖူးတယ်။
မွေးနေ့ဆို ဘုရားတက်၊
ရေသက်စေ့ ဘုရားလှူ၊
မီးပူဇော် ပန်းတွေကပ်၊
လွမ်းမနေတတ်အောင်ပေါ့ အချစ်ရယ်။
တကယ်ပေါင်းဖို့ကျတော့၊
တပေါင်းမှာလဲ မထူး၊
တန်ခူးလဲ မဖြစ်၊
တစ်နှစ်က တစ်နှစ်လက်ကမ်း၊
ချစ်သက်တမ်းရှည်သမျှ၊
တစ်ဦးကိုတစ်ဦးက စိုးရိမ်မယ်၊
တစ်အိုးတစ်အိမ်ရယ်လို့တော့၊
မထူထောင်ဖြစ်။
တစ်ယောက်လုပ်ခ၊
နှစ်ယောက်လုပ်ခ၊
ဘယ်လောက်ဒုက္ခတွေကိုငြိမ်းအေး၊
စားဝတ်နေရေးကို ဘယ်လောက်ကူ၊
လူနေမှုအပူကို ဘယ်လိုဖျောက်နိုင်မတုံး၊
ကုန်ဈေးနှုန်း အဲဒီပင်လယ်မှာ၊
ခင်ရယ် ကိုယ်ရယ် ဘယ်လိုဖြတ်၊
သတ္တိကြောင် သောကအတွေးတွေနဲ့၊
ဝေးကြတဲ့နှစ်။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)

အခါလွန်မိုး – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz

ဘဝအဖော်မဖြစ်ပေမယ့်
ခဏအပျော် ချစ်မဟုတ်ခဲ့ပါ…။
မာနာသိက္ခာ အရှုံးထား
နှလုံးသားမှာ ကဗ္ဗည်းထိုး
မြတ်နိုးတွယ်တာ…။
မခေါ်သင့်ပါဘူး
မျှော်လင့်လျှင် မျှော်သူအမှားရယ်လို့
ကိုယ့်တရားနဲ့ ကိုယ်ဖြေကာ
ဝေဒနာက မြှားလိုစူး…။
သူသိမှာလား
အပူရှိသူ ဘယ်လိုမောတယ်လို့
ဘယ်လိုပြော၊ဘယ်လိုကြည့်
ဘယ်လိုထိ၊ဘယ်လိုတွေ့
သူ့ကိုယ်ငွေ့မှာ ကိုယ်ပျော်ဝင်
သူ့ဆံပင်မှာ မျက်နှာအပ်
တစ်သက်တာ အမှတ်တရတွေထင်…ထင်ပါရဲ့
ရင်…ရင်မှာ သမုဒယ ဆူးတွေကြောင့်…
(အချစ်ရယ်…)
အခုဘဝတော့ရူး…။
မောင်စိန်ဝင်း (ပုတီးကုန်း)

လွမ်းစံပယ် – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz

တကယ်မဝေးပေမယ့်၊
စံပယ်လေးတွေ ခြောက်ပြီလေ …. ။
မခေါ်သာအတွေ့ခက်၊
နေ့ရက်တာရှည် … ။
ပွင့်သစ်တို့ တဝေဝေ၊
ပွင့်ြွေကတို့ တဖွေးဖွေး … ။
အသက်တမျှချစ်ပါရဲ့၊
လက္ခဏအဖြစ်လို ပွဲဝင်မထိုက်သူမို့၊
ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလည်း၊
ပန်းကြိုက်သူ လွမ်းနေတတ်အောင်လို့၊
အမှတ်တရကွယ် ခြေရာချန်သလား၊
ဝေဒနာကျန် တမြည့်မြည့်အဆွေးတွေနဲ့၊
မရေရာပြန် တစေ့စေ့တွေးတော့မှ၊
(အချစ်ရယ် … ) တနေ့ထက်တနေ့ ဝေး … ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)

တစ်ခါတုန်းက နေရာဟောင်း – မောင်စိန်ဝင်း(ပုတီးကုန်း) Share Buzz

အုတ်ခဲရင့်နီ၊ လက်ဖက်ရည်ခွက်၊
အပေါ်မျက်နှာ၊ ဆီငွေ့ဖြာတင်း၊
ဆေးပြာချင်းစပ်၊ စကားဖြတ်ခက်၊
နေ့ရက်များစွာ၊ အနာဂတ်လေ၊
မရေရာလည်း၊ ဝမ်းမနည်းသေး၊
ဆွေးနွေးငြင်းခုံ၊ ဆုံကြတွေ့ကြ၊
ကာလလေးတွေ။
အင်းလျားရတနာ၊ မာလာသီရိ၊
ရင်ခုန်ကြည့်များ၊ တွယ်ငြိတပ်မက်၊
စိတ်စက်မငြိမ်၊ ပါလာချိန်တို့၊
ညှို့ယူဖမ်းစား၊ ညနေများစွာ၊
“မြနန္ဒာ”…
ဂီတာ တယော၊ လွမ်းမောနွဲ့လျ၊
မြို့မတေးသွား၊ စည်းဝါးသံစဉ်၊
ညဥ့်ရင်ခွင်တွင်၊ ပဲ့တင်လွှမ်းပတ်၊
မှောင်ရိပ်စပ်က၊ မတ်တပ်နားဆင်၊
မမြင်ရိုးရိပ်၊ ကြည်နူးစိတ်ဖြစ်၊
နှင်းဖိတ်စက်လက်၊ ရောင်နီအက်မှ၊
နှုတ်ဆက်ပြန်လာ၊ ရတနာ အင်းလျား၊
ညများအသင်္ချေ။
ကျန်ခဲ့ပြီလေ၊
ဖိတ်စင်ကြေမွ၊ ပြန်မရတော့၊
ညများနေ့များ၊ စားဝတ်နေမှု၊
သိပ်သည်းထုအောက်၊ မွန်းနစ်ပျောက်ရှ
ညနေတစောင်း၊ သုံးဘီးမောင်းရင်း
ကျောင်းဖွင့်စမှာ၊ ရတနာကို၊
တစ်ခါရောက်တယ် သူငယ်ချင်း …။
မောင်စိန်ဝင်း(ပုတီးကုန်း)

သမုဒယကျောင်း


Buzz

အတူဆုံ၊
တစ်အူတုံ တစ်ကယ်မဆင်းကြပေမယ့်၊
သူငယ်ချင်းဘဝနဲ့၊
ငယ်စာရင်းက … အတန်းဖေါ်။
ပြန်မလွမ်းပြီလား၊
ကျောင်းခန်းမှာ စာအတူသင်၊
ကျောင်းပြင်မှာ စာအတူကျက်၊
ရည်ရွယ်ချက်တွေ အစပျိုးရင်း၊
“ဘဝပျိုးခင်း” ဆိုတဲ့ သည်ကျောင်းတော်။
သည်ကျောင်းမှာ ဘဝကိုစ၊
သည်ကျောင်းမှာ ဘဝကို ထုဆစ်၊
နုမျစ်သူတွေပုံလောင်း၊
လောကရဲ့ကောင်းကျိုး
“အကောင်း” … “အဆိုး” … “ဓမ္မ” .. “အဓမ္မ” .. ဝေခွဲ၊
အနေရဲစို့ … မှန်းရည်မျှော်၊
တစ်လမ်းစီနော် …
(ကြီးတော့) … တို့တတွေကွဲ။
ဆရာ၊ ဆရာမတွေနဲ့၊
တခါကတပည့်တွေ ကံမကုန်လို့၊
ပြန်အဆုံ ပျော်စရာကြီးပေပဲ၊
တပည့်တွေလဲ (လည်း) ဆံပင်ဖြူ၊
အသွင်မတူ ဇရာဖက်၊
အသက်တွေ အရွယ်ရပေမယ့်၊
ငယ်ဘဝ စာသင်ခန်းကို၊
ဘာမြင်မြင် အကုန်လွမ်းတာပဲ၊
ခုံတန်းမှာ ငယ်အရိပ်တွေက၊
ငယ်စိတ်ဝင် အမှတ်တရတွေနဲ့၊
ဖြတ်မရအောင် … အခုဘဝ .. အနုသယ … ဝဲမှာ၊
(သူငယ်ချင်းရယ် …) သမုဒယနဲ့စွဲ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)


ခရီးသည် – မောင်စိန်ဝင်း(ပုတီးကုန်)Buzz

ကုလားအုပ်တစ်ကောင်ဟာ
သူ့ဘို့ထဲမှာ
ရေတွေကို သိုလှောင်ပြီး
ကန္တာရခရီးကို သွားနေတယ်။
လူတစ်ယောက်ဟာ
သူ့ရင်ထဲမှာ
အကြင်နာနဲ့ နားလည်မှုတွေကိုသိမ်းဆည်းပြီး
ခွဲခွာခြင်းခရီးကို စနေတယ်။
မောင်စိန်ဝင်း(ပုတီးကုန်း)

လူ – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz

ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ်
လောဘသတ်ခိုက် ………
ရှေ့မှာတပွင့်၊ လွယ်လင့်တကူ
ယူ၍ရခိုက်၊ ခူးလိုက်မိပြန် …………….
ပြန်မှပြန်မှ၊ သတိရနေ
ခြေကမလှည့်၊ တည့်တည့်စိုက်စိုက်
လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး
ခူးပြီးတစ်ရာ၊ အခွင့်သာခိုက်
ရရာအားလုံးဆွတ်ချင်သူ….
လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ်
စိတ်မတင်းတိမ်၊ အိမ်မပြန်သေး
ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ
မက်မောနေပြန်၊ လှည့်မပြန်မိ….
ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း
တစ်ယောက်ထဲသာ သောက်ချင်သည် ………
မောင်စိန်ဝင်း (ပုတီးကုန်း)


မ (သို့ ) သူမ ရင်ခွင်ကြားမှာ ပျောက်ဆုံးခဲ့ရတဲ့ ပျော်ဝင်မှုတချို့

မ (သို့ ) သူမ ရင်ခွင်ကြားမှာ ပျောက်ဆုံးခဲ့ရတဲ့ ပျော်ဝင်မှုတချို့



မ (သို့ ) သူမ ရင်ခွင်ကြားမှာ ပျောက်ဆုံးခဲ့ရတဲ့ ပျော်ဝင်မှုတချို့

ညနေခင်းလေးတစ်ခုမှာ
တွေ့တဲ့ အချစ်တွေရင်ခုန်သွား
မ ရဲ့ မျက်နက်ဝန်းလေးများက
ကျွန်တော့်ကိုရူးအောင်ဖမ်းစား
ဒီစာသားတွေကြားမှာ
ကျွန်တော်က နေသားတကျ
“ မ ” ရဲ့ ပါးပြင်ထက်
ခုန်ဆင်းယစ်မူးမိတယ်

ဆံနွယ်တွေကို အလှဆုံးဝဲခါလို့
အပစ်ကင်းစင်စွာ ပြုံးတိုင်း
ပင်လယ်ကြီးရှုံးတယ်
(အဲဒီအခါများ)
တ၀ုန်းဝုန်း ရိုက်ခတ်တဲ့ ရေလှိုင်းသံတွေ
ကျွန်တော့် နှလုံးသားမှ ပဲ့တင်ထပ်ခဲ့

“ မ ” . . . ခင်ဗျားက သိပ်လှတယ်
ကျွန်တော်က သိပ် အ တယ်
ငေးကြည့်ခွင့်လေးရယုံနဲ့တင်
ကောင်းကင်တစ်ခုလုံးက
ပန်းတွေ ပွင့်ဖူးလင်းလက်နေခဲ့တယ်

ပေးဆပ်ခြင်းသက်သက်နဲ့
ကျွန်တော်စိုက်ပျိုးခဲ့တဲ့ ပန်းခင်းမှား
မ အတွက် ချစ်ခြင်းရနံ့တွေရှိတယ်
နှင်းဆီတစ်ခက် နဲ့ ၀ိုင်တစ်ခွက်
ဂစ်တာတစ်လက်နဲ့
မ အတွက်
ရစ်သမ် အသစ်တွေ ပွင့်ဖူးနေတယ်

“ မ ” .... တစ်ဘ၀လုံးစာအတွက်
ရယ်သံအချို့နဲ့ ဆံကေသာထက်က
လင်းလက်နေတဲ့ အသိဥာဏ်အချို့ရယ်
ရေးခဲ့တဲ့ ကဗျာ လှလှ ရယ်
ငေးကြည့်နေခွင့်ရ ချင်သူတစ်ယောက်အတွက်
“ မ ” ရယ်...
အဲဒီအလှတရားတွေအောက်
ကျွန်တော် ခုန်ဆင်းပစ်လိုက်ချင်တယ်

လွမ်းနေခွင့်

လွမ်းနေခွင့်



လွမ်းနေခွင့်

ညနေခင်း...ဆည်းဆာနေခြည်
ရွှန်းစိုဝင်းလက်တဲ့ သူမ နှုတ်ခမ်းဖျားဆီက
နှောင်တွယ်ခြင်း သမုဒယတွေနဲ့
ကျွန်တော်က... သူမရဲ့ အရိပ်ကလေးဖြစ်ချင်တယ်

ဘာကိုမှ မတောင်းဆိုပါဘူး
လွမ်းနေခွင့်တစ်ခုသာ ပေးတော်မူလှဲ့
ငါ့ဘုရင်မလေးရယ်
နင့်ရဲ့ ရယ်သံလွင်လွင်လေးမှာ
အခါခပ်သိမ်းကျဆုံးခဲ့ရတဲ့..
ငါ့ စိတ်ဝိဥာဉ်တွေ....
ခမ်း နား လှ ပ နေ လိုက် တာ . . .

မကြင်နာချင်နေပါ
သခင်လာရာလမ်းတလျှောက်
ငါက..လေပြေကလေးဖြစ်ချင်ခဲ့သူ
ဒီလိုနဲ့...ခပ်နက်နက်စူးဝင်ခဲ့တဲ့
အလွမ်းဒါဏ်ရာအချို့မှာ
နင့်ကို သတိရ တမ်းတခြင်းတွေ....
ပြည့်နှက်နေခဲ့တယ်......

ငါက ပြုစားခံချင်သူပါ
နင့်အကြည့်တစ်ချက်နဲ့
မျက်ဝန်းတစ်စုံရဲ့ ခမ်းနားမှုမှာ
အရာခပ်သိမ်း..ငြိမ့်ငြိမ့်လေးစီးဆင်းလို့
ငါဟာ.. ဒီလို လွမ်းတတ်သူဖြစ်ခဲ့

လှပခမ်းနားတဲ့ ဧဒင်ဥယျာဉ်ကြီးထဲ
ငါ့..နတ်သမီးလေး ပြုံးပျော်လှဲ့
နင်က..ငါ့ ဘုရင်မလေးဖြစ်တယ်
ရင်ခွင်တစ်ခုလုံး သိမ်းပိုက်စိုးမိုးပြီးခါမှ
ဒီသုံ့ပန်းကောင် ကို
လွမ်းနေခွင့်တစ်ခုတော့ ပေးတော်မူပါ

အို.... ထိပ်ထားရယ်
နင့်ဆံနွယ်တချို့ကို
တရှိုက်မက်မက်..ငါတောင့်တခဲ့ရတဲ့
နေ့ရက်တိုင်းမှာ..
အလွမ်းဆိုတာဟာ
ငါ့အတွက် ဆုလာဘ်တစ်ခုသာဖြစ်ခဲ့
အဲဒီ အပြုံးတစ်ချက်နဲ့တင်
ငါ သေ၀ံ့တယ်

နှောင်တွယ်ခဲ့တဲ့ သံယောဇဉ်တချို့မှာ
မိုးရေ တွေ စိုစွတ်လို့..
နင့်ရဲ့... ပါးပြင်နုနုထက်
ငါက...ချစ်ခြင်းရဲ့ ဘာသာဗေဒကို
သင်ကြားပေးခွင့်ရချင်တယ်

“ အကြင်နာတွေ .. ခစားလှဲ့ ”
နင်မစေရင်တောင်
ငါက မတွေဝေပဲ နင့်အပါးနေချင်ခဲ့သူ
နောင်သံသရာအဆက်ဆက်ပေါ့
နင်က . .
ငါ့နတ်သမီးလေးဖြစ်တယ်
ငါ့ဘုရင်မလေးဖြစ်တယ်
ငါ့ “ လွမ်းနေခွင့် ” လေးဖြစ်တယ်

ညီမလေးရေ...မိုးတွေသည်းနေတယ်


နှလုံးသားပန်းချီ



ငါ့နှလုံးသားထဲ မင်း တီးတိုးဝင်ရောက်လာစဉ်
ခင်မင်မူအခန်းကျဉ်းထဲမှာ ဧည့်ခံခဲ့တာပါ

မင်းမျက်ဝန်း စေညွန်းရာနောက်
ငါ့ဘဝအခန်းတံခါးတွေ လစ်ဟခဲ့တာပါ
ငါ့ဘဝပန်းချီကား ညစ်တေးတေးကာလာနဲ့ 
ပဲ့ရွဲ့ နေတဲ့ နံရံတချို့ အတွက်
ငါခေါင်းငုံနေမိတယ်.....

မွန်းကြပ်ခြင်းတချို့ ကို မင်း အပြုံးနဲ့ တိုက်လွှင့်
ဖေးမခြင်း လက်တွေနဲ့ ကမ်းလင့်ခဲ့တုန်းက
ငါ့နှလုံးသား...ခပ်ကျဉ်းကျဉ်းအခန်းထဲကို
မင်းအပြုံးတချို့  သိုလှောင်ခဲ့မိတယ်

နှုတ်ခမ်းဖျားက သာယာသံတချို့ ငါစားသုံးခဲ့လို့ 
ငါ့ရင်ဘတ်က ခပ်ကျဉ်းကျဉ်းအခန်းထဲမှာ
နှလုံးသားတခု ကြီးထွားလို့ မွန်းကြပ်နေခဲ့တယ်
zip ခံပြီး print ထုတ်ဖို့ softwareတခုက
ငါ့ဘဝဖြစ်နေတာကြောင့် .........

နှလုံးသားပန်းချီခန်းထဲမှာပဲ မင်းဝင်ထွက်ပါ
ဘဝပန်းချီကား တချို့ အတွက် ဝေဖန်ခဲ့ပါ
ငါအမြတ်နိုးဆုံး မင်းအတွက်
ပြင်ဆင်ချယ်မှုန်းပ့မယ်

ငါ့နှလုံးသား ပန်းချီကားအတွက် မင်းဆီက
ပန်းခွေလှလှလေးကို မျှော်လင့်ရင်းနဲ့ ပေါ့....
I Love You
ချစ်ရသူရယ်..

ကျနော်ချစ်သူပေးသောကဗျာ

^_^၂၀၀၉ ရဲ့ဘုရင် အီမိုဖီလင် ^_^


၂၁ရာစုထဲကအချစ်တစ်ခုကို အသစ်အဆန်းလေးများဖြစ်မလားဆို လက်တည့်စမ်းတာမဟုတ်
တစ်ကယ်ချစ်လို့ တစ်ကယ်ရင်ခုန်လို့ တစ်ကယ်မြတ်နှိုးလို့ မင်းကိုတန်ဖိုးထားလို့….
ငိုကြွေးခြင်းနဲ့စခဲ့တဲ့ဘ၀ ငိုကြွေးခြင်းနဲ့ပဲပြန်အဆုံးသတ်ရမှာဆိုတော့
ကြားကာလလေးမှာ ချစ်သူနဲ့တူတူ ပျော်ရွှင်စွာကုန်ဆုံးချင်တာသဘာဝကျပါတယ်
ဆုံနိုင်မဆုံနိုင်တာက တို့နှစ်ယောက်အလုပ်မဟုတ်
မင်းကိုချစ်ဖို့ ငါဘယ်သူ့ဆီကမှ ပါမစ် မတောင်းခဲ့သလို အယူခံလည်းမ၀င်ခဲ့ဘူး
မင်းကိုပေးနေတဲ့ငါ့အချစ်ကလည်း လီမစ်မရှိသေးဘူး
ရိုမီယိုနဲ့ဂျူးလိယက်ကိုအားကျလို့တော့ မဟုတ်ဘူး ဒါပေမယ့်စံချိန်တော့ချိုးချင်တယ်
အနားကွပ်ထားတဲ့လူ့ကျင့်ဝတ်တွေကို မျက်ကွယ်ပြုရင်း
မဟူရာနှုတ်ခမ်းတစ်စုံအောက်မှာ မင်းအတွက်သိမ်းဆည်းထားတဲ့လက်ဆောင်
ချိုမြိန်တဲ့မင်းအပြုံးနဲ့ နဖူးပေါ်ဝဲကျနေတဲ့မင်းဆံပင်လေးကို ထာဝရ နမ်းရှိုက်ချင်လို့
ရူးရူးမိုက်မိုက်အချစ်ဆိုပြီးတော့ ဗွေမယူလိုက်ပါနဲ့
အဲဒါနင့်ပေါ်ချစ်တဲ့ငါ့ရဲ့ အီမိုအချစ်ပါ


^^လျှပ်တစ်ပြက်ရိုက်ချက်^^


နှလုံးသားနုနုပေါ်မှာ ခပ်ကြမ်းကြမ်းစုတ်ချက်တွေနဲ့ရေးခြစ်ထားတဲ့ မင်းနာမည်
ပုံဖော်လို့မရသေးတဲ့ ဘ၀ခရီးအတွက် စီမံကိန်းတွေအက်ကြောင်းထပ်နေအောင် အိပ်ကူးအိပ်မက်တွေတည်ဆောက်ခဲ့
သိပ်ချစ်တယ် ဆိုတဲ့စကားလေးတစ်ခွန်းကို တစ်ယောက်တည်း မင်းအတွက် ကန်ထရိုက်ဆွဲထားချင်မိတာ မိုက်ရူးရဲဆန်တယ်လို့မမြင်နဲ့
ခါးသီးတဲ့ ဘ၀မှာ ဆုံဆည်းဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် မင်းကို ပါးပါးလေးပဲလွမ်းချင်မိတာ ငါ့အတ္တပါ
နင့်နေအောင်ချစ်ခဲ့မိတဲ့ငါ့နှလုံးသားက အမှတ်သဲခြေမရှိဘူးလို့ပြောလည်း ခံယူယုံပဲ
ပုံပြောကောင်းတယ်လို့မထင်ပါနဲ့ ပုံပြင်ဆိုတာ အတိတ်ကဖြစ်ရပ်တွေကို ပုံတူကူးထားတဲ့ မိတ္တူတစ်စုံပါ
ခပ်ညံညံအတွေးတွေနဲ့ ပုံဖော်ထားတဲ့ အချစ်ပုံရိပ်ကို ဘယ်တော့မှ မလှောင်ရီ ပါနဲ့
လေးနက်တဲ့စိတ်ကူးနဲ့ မင်းအတွက် ငါရဲ့သစ္စာတွေက ချိုမြိန်မှုတွေပေးနိုင်မယ့် အားဆေးတစ်ခွက်ပါ
မင်းပုံရိပ်ကို တစ်ဘ၀စာ သိမ်းဆည်းထားချင်တဲ့ ငါ့ memory တွေကို ခုတော့လည်း
ဗွီဇက်အိုထဲကပဲ လျှပ်တစ်ပြက်ရိုက်ချက်လေးနဲ့ ဖြေသိမ့်လိုက်တော့မယ်.....

<< လတ်လတ်ဆတ်ဆတ် အလွမ်း>>

အလွမ်းဆိုတာ အထီးကျန်ဖူးသူနဲ့သာသက်ဆိုင်တဲ့ဝေါဟာရတစ်ခုပါ
အမုန်းဆိုတာကလည်း အထီးကျန်ခြင်းရဲ့နိယာမပဲတဲ့
အချိုးချလိုက်ရင် အခုချိန်မှာငါတောင်တော်တော်အထီးကျန်နေပါလား
မင်းရဲ့အချစ်ကိုပိုင်ဆိုင်ခွင့်ရလိုက်တဲ့ ငါက အလွမ်းတွေကိုနေ့စဉ်စားသုံးနေရတာ
မင်းနဲ့ချစ်ခဲ့မိတဲ့နောက်ပိုင်းမှာ အချိန်တွေကိုငါလည်းမုန်းတတ်လာပြီ
မပိုင်ဆိုင်နိုင်မှန်းစတည်းကသိပြီးသားပါ
ဒါပေမယ့် မဖြစ်နိုင်တဲ့အရာကိုလိုချင်မိတာ
ငါတစ်ယောက်တည်းမဟုတ်လောက်ဘူးလို့ထင်တယ်
မင်းတစ်ယောက်တည်းကိုပဲစိတ်ထဲရှိခဲ့တာပါ
ငါတစ်ယောက်တည်းကိုပဲမင်းကချစ်ခဲ့ဖူးတာပါ
နှစ်ယောက်ပေါင်းတစ်အိပ်မက်တော့မဖြစ်နိုင်သေးဘူး
ခွဲခွာခြင်းတစ္ဆေတစ်ကောင်က တံတိုင်းခြားထားတာ
မင်းအချစ်ကိုရယူဖို့တစ်ယောက်ယောက်ကကြိုးစားနေချိန်မှာ
ငါ့အချစ်ကမင်းနှလုံးသားမှာ www.(world wide web) ဖြစ်နေပြီချစ်သူ
ငါ့အချစ်ကိုကျော်ပြီးတော့ ဘယ်သူမှ မင်းနှလုံးသားထဲကို ၀င်မရတာ
တိတ်တခိုးချစ်ရသူလေးကိုတော့ အားနာမိပါရဲ့
မျှော်လင့်ချက်ဆိုတဲ့ အချိန်နဲ့ဒီရေကို သောက်သုံးရင်း
ဖြူသွားတဲ့ဆံပင်တွေအတွက် ကံကြမ္မာဆီမှာ
အတိုးနဲ့ပေါင်းပြီးလျော်ကြေးတောင်းရမယ်
ငါတို့နှစ်ယောက် အိုအောင်မင်းအောင်ပေါင်းဖို့
ကတိသစ္စာ ဆီမှာ ငါကဦးစွာ အယူခံဝင်ထားတာ
အိပ်မက်ထဲမှာပဲအထောင်အထည်ဖော်နိုင်တဲ့ အချစ်ကမ္ဘာလေးတစ်ခုအတွက်
နှိုးထခြင်းဆိုတဲ့ စိန်ခေါ်ပွဲကြီးကိုတော့ ငါမလွန်ဆန်နိုင်သေးဘူး
မျက်လုံးဖွင့်တိုင်း အသက်ရှုတိုင်း ငါ့နာမည်ကိုသာမင်းသတိရနေသေးရင်
ရင်ခုန်ရကျိုးနပ်ပါပြီ ငါရပ်တည်နေတဲ့ မြေပေါ်မှာပဲ မင်းရှိနေမယ်ဆိုရင်
မဆုံနိုင်ပေမယ့် စိတ်ထဲမှာနွေးထွေးမှုအပြည့်နဲ့ငါလည်းအသက်ရှုဖြောင့်မှာ
သတိရခြင်းဆိုတဲ့ ခါးသီးတဲ့ဝေဒနာကို စားသုံးရင်း
ငါတို့ရဲ့ ၀ိညာဉ်လည်း နိဂုံးချုပ်လောက်ပြီချစ်သူ.....

မရည်ရွယ်သူ...........သို့

မရည်ရွယ်ပါဘူး လို့ခဏခဏပြောတယ်
မတော်တဆဖြစ်ဖြစ်သွားတာပါ
လူမှုရေးကို မရှိဘူး စိတ်ပျက်ဖို့ကောင်းတယ်တဲ့
အဲဒီစကားလေးတစ်ခွန်းကြောင့်
ငါ့မှာ ကမ္ဘာပြိုတော့မယ့်အတိုင်းပဲ
ပြင်ဆင်ခွင့်မရှိတော့တဲ့အမှားတစ်ခုကြောင့်
ငါ့ကိုနင်အ၀ါကတ်ပြလိုက်ပြီဆိုတာသိရတော့.............
ဒီရင်ဘတ်ထဲမှာ အဆိပ်တွေသင့်နေပြီ
တိုက်ဆိုင်မှုတွေက ဘာလို့ဒီလောက်များနေလဲ
နှုတ်ဆိတ်နေရုံကလွဲပြီး ဖြေရှင်းချက်မရှိတော့တဲ့ အဖြေမဲ့ပုစ္ဆာကို
တရေးနှိုးတိုင်း တီးတိုးရေရွှတ်မိတယ် ခွင့်လွှတ်ပါလို့ <<_^^_>>

နှလုံးသား အစမ်းရှင်းတမ်း



အင့်ဟင်း…နီးစပ်ဖို့ချစ်ခဲ့တာမဟုတ်ဘူး
ချစ်လွန်းလို့နီးစပ်သွားတာပါ
ချစ်သူနှလုံးသားထဲကအတွင်းလူဟာ (ငါ) ဆိုတာသေချာလား
နားထဲမှာတော့တိုးတိုးလေးကြားရတယ်
အရမ်းချစ်တာပဲ အာဘွား တဲ့
ကျေးဇူးပဲချစ်သူ ဆောင်းမှာ မီးလှုံစရာမလိုလောက်အောင် နွေးထွေးသွားပြီ

အင့်ဟင်း..ဆုံချင်လို့ ချစ်ခဲ့တာမဟုတ်ဘူး
နှလုံးသားက မင်းနာမည်ကိုပဲခေါ်နေလို့ပါ
ပင်လယ်ပြင်ကိုလက်ပစ်ကူးပြီး လာရသလိုပဲ
မင်းဆီရောက်ဖို့မျှော်လင့်ချက်က ရှိပါအုံးမလား

အင့်ဟင်း-ပင်ပန်းလို့ လက်တွဲဖြုတ်ခဲ့တာမဟုတ်ဘူး
ခုချိန်ထိ နီးစပ်ခွင့်ကိုမရသေးတာပါ
နှလုံးသားကလွဲလို့ပေါ့

အင့်ဟင်း-အလွမ်းဓာတ်ခံရှိလို့ ၀မ်းနဲတတ်တာမဟုတ်ဘူး
အသဲကျွမ်းမတတ်ချစ်လွန်းလို့ လွမ်းနာကျသွားတာပါ

အင့်ဟင်း- ကျောခိုင်းဖို့ ချစ်လာတာမဟုတ်ဘူး
အစကတည်းက မျဉ်းပြိုင်လိုသွားနေတာ

အင့်ဟင်း-လွတ်လပ်မှုကိုမြတ်နှိုးလွန်းလို့မဟုတ်ရပါဘူး
လွတ်လပ်စွာချစ်နေရတာကို ကျေနပ်နေမိလို့

သေချာတာကတော့ ငါဟာဆောင်းခိုငှက်တစ်ကောင်လိုပဲ
အေးစက်လွန်းတဲ့လူတွေရဲ့ မျက်ဝန်းကို ရင်မဆိုင်ရဲလို့
မင်းကိုချစ်ရုံလေးပဲ ချစ်နေနိုင်တာ နားလည်ပေးပါ


လျှို့ ဝှက် ရင်ခုန်သံ

ဆွေးမြေ့နေတဲ့ သံယောဇဉ်ကြိုးနဲ့
ငြိမရတော့တဲ့ ငါ့ရဲ့နှလုံးသားသံစဉ်တစ်ပုဒ်
လိုတိုးပိုလျှော့ဖို့ မရဲ
ပြတ်တောက်သွားမှာလည်းစိုးထိတ်
ခပ်နှဲ့နှဲ့ သံယောဇဉ်ကြိုးပေါ် ကံကိုပုံ
မင်းနဲ့လျှောက်လှမ်းဖို့ အားတင်းရင်း
မဖြစ်နိုင်မှန်းသိရက်နဲ့ နှလုံးသားထဲစိမ့်ထွက်လာတဲ့ အချစ်
အဆိပ်တစ်ခွက်လို ပြင်းရှလည်း ခုံမင်စွာ ငါတို့နှစ်ဦးသောက်သုံး
စိတ်ကူးထဲက မင်းရဲ့ရင်ခွင်တစ်စုံ ငါခိုနားဖို့ကြိုးစားရင်း
အသင့်စီးကြိုနေတဲ့ ခွဲခွာခြင်းကံကြမ္မာ
နင့်ရင်ခွင်မှာ ငါ့ထက်ဦးသူ ခိုလှုံမှေးစက်
ရပ်တန့်သွားတဲ့ ငါ့ခြေလှမ်း စီးကျလာတဲ့ငါ့မျက်ရည် တာကျိုးတဲ့ဆည်အလား
အိပ်မက်ထဲထိ ကြိတ်မှိတ် ငိုရှိုက်
မင်းတွက် ရည်စူး ငါ့ရဲ့ ချစ်သက်လက်ဆောင်
ရင်ထဲကဝေဒနာ ကဗျာတစ်ပုဒ်သီကုံးရင်း
“သိပ်ချစ်ပါတယ်“ ဆိုတဲ့စကား ရင်နာနာနဲ့
ငါ့နှလုံးသားကဗျာထဲ သင်္ဂြုလ်လိုက်ရတဲ့ညပေါင်း
လက်ချိုးရေရင်းနဲ့ သန်းခေါင်ယံကို ခါးသီးစွာကျော်ဖြတ်နေရဆဲပါ
မင်းရဲ့တွယ်တာမှုအောက် ရုန်းထွက်ဖို့ငါကြိုးစား
ရုန်းရင်းဆန်ခတ် ဖြစ်သွားတဲ့ ငါ့ရဲ့အိပ်မက်ကို လိုက်ကောက်ရင်း
ကြယ်လေးတွေတောင် အရောင်မှိန်နေရှာပေါ့
ချစ်တယ်ဆိုတဲ့ စကား ရေငုံနှုတ်ပိတ်ရင်း
ခင်မင်မှုမှတ်တိုင်ကိုစိုက်ထူ ဖို့
အိပ်မက်တစ်ခုရဲ့ ရှေ့ပြေး ရောင်နီကို ကြိုလင့်နိုင်စွမ်း မရှိသေးလို့
ငါ့ရဲ့ မနက်ခင်းလေးတောင် ပရမ်းပတာ ဖြစ်နေပါပေါ့လား.........
ချစ်သူရယ်လို့ ရေရွှတ်ဖို့ ငါ့နှလုံးသားကမရဲ စွံအသွားတဲ့စကားသံတွေကြား
ငါ့ထက် မင်းကိုချစ်နေတဲ့ ချစ်သူလေးတစ်ဦး
ရှိနေပါလား ဆိုတဲ့အသိနဲ့ အစကတည်းက အချစ်နဲ့ပတ်သက်ပြီး
အရှုံးပေးတတ်တဲ့ငါ မင်းနှလုံးသားလေးကို လိုချင်သူ
ငါမျက်စိစုံမှိတ် ကြည်ဖြူနှလုံး ပီတိမျက်ရည်
အတ္တမပါတဲ့ ငါ့နှလုံးသား မင်းချစ်သူအတွက် ဒေ၀ါလီခံပေးပါ့မယ်..........


လှပသောကောင်းကင်

ကောင်းသောနေ့ပါ ကလေးရေ...

ကောင်းသော နေ့ပါ ကလေးရေ....
ငါအချစ်တွေ မပွင့်တဲ့ လမ်းမှာ..
အဆင်ပြေပါရဲ့ လား....
အမှတ်တမဲ့ ပျိုးထားမိတဲ့ သံယောဇဉ်တွေကို...
ဒီအရုဏ်ဦးမှာ တမ်းတနေမိသေးရဲ့ .....

မပန်တတ်တဲ့ ကေသာဦးအတွက်..
ပန်းတွေ ပျိုး.. မင်းအရိပ်မှာ ငါ့စိတ်တွေ ခြေရာပျောက်လို့...
မင်း မရှိတော့တဲ့ နယ်မြေအဟောင်းမှာ...
စပယ်တွေ ဝေ... အလွမ်းတွေကတော့ ကြွေကြွေ မသွားဘူး.. ကလေးရေ...

လွမ်းခွင့် မရှိတော့ဘူးလား...
သေချာအောင် ဒီမေးခွန်းမှာ အဖြေပါရဲ့ လား ကလေးရေ...
အိပ်မက်ချိုချိုတွေက တသက်တာ..
အိပ်တန်းတက်ကုန်ကြပြီ ထင်ရဲ့ ...
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ ကလေးရယ်....
ဒီလိုပါပဲ ...လွမ်းတယ်...

***ဇူးငယ်***


..... လွဲရင်.....

ချစ်တယ်ဆိုတာ..
ပီပီပြင်ပြင်ချစ်တတ်ဖို့..
ဘယ်လောက် ရင်းနှီးပေးဆပ်ရသလဲ..
မချစ်တော့တာကလွဲရင်.. ငါ မမုန်းတတ်ခဲ့ပါဘူး...

ငါတို့ ခဏခဏဖူးဖြစ်တဲ့ ဘုရားမှာ..
ငါတို့ တောင်းဆုချင်း.. တူခဲ့ဖူးလား...
ချစ်သူရေ.. ညီမျှတဲ့ အချစ်ဆိုတာ..
ငါနဲ့ နင် လွဲမှားစွာ ရှာခဲ့တဲ့ အားထုတ်မှု့တစ်ခုပဲ....

တချိန်တုန်းကပေါ့...
ငါဟာ အလွဲတွေနဲ့ ပြည့်နေတဲ့..
စာမျက်နှာတစ်ခုဆိုရင်တောင်...
နင်က အလွဲတွေနဲ့ ကျေနပ်နေမယ့်သူ...တဲ့..
အခုတော့ နင့်အမှားအတွက်..
ငါ့အိပ်မက်တွေ တစ်ဘ၀စာ ပျက်စီးသွားခဲ့တာက လွဲရင်...

မပြောဘဲလည်း ကြားနေတဲ့
နှုတ်ဆက်သံတွေကိုလည်း...
မတားဖြစ်ခဲ့တော့ဘူး...
ဒီလိုနဲ့ နင်နဲ့ငါ.. ဝေး... ဝေးသွားကြတာ..
ငါ ကြည့်လိုက်တဲ့ ရပ်ဝန်းမှာ...
နင့်မျက်ဝန်းတွေ ပျောက်ဆုံးသွားကတည်းကပေါ့...

အခုတော့...
ငါတို့အတူ မလျှောက်ဖြစ်ခဲ့တဲ့လမ်းတွေမှာ..
ငါ မသိတော့တဲ့ နင့်ရဲ့  အကြောင်းတွေနဲ့...
ငါ မရှိတော့တဲ့ နင့်ရဲ့  နေ့ရက်တွေအတွက်...
နင်လည်း နင့်ဘ၀နဲ့ နင်..
နေသားကျနေပြီ ထင်ပါရဲ့ ......ကွယ်...

***ဇူးငယ်***

ငါ မသိလိုက်တဲ့ ကဗျာ..

ကံက ဆိုးမယ် ပြင်ရုံရှိပါသေးတယ်...
ငါတို့ကြားမှာ ရွာခဲ့တဲ့မိုး က
ရွာရန် ရွာနှုန်း တစ်ရာ အပြည့်နဲ့....
မယုံကြည်ဘူး သိနေပေမယ့် ငါ ရှင်းပြချင်သေးတယ်..
မလာတော့ဘူး သိပေမယ့် ငါ စောင့်ချင်နေသေးတယ်...
ငါ့ရဲ့  အပြုံးတွေဟာ ...
နင်မသိလိုက်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်သလို...
နင့်မျက်လုံးထဲက အမုန်းတွေကလည်း...
ငါ မသိလိုက်တဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်..

***ဇူးငယ်***

လမင်းသို့ တမ်းချင်း...

အမေ...
ခလုတ်ထိလို့တော့ မဟုတ်ခဲ့ပါဘူး ...
ကျွန်တော့အတွက် အားတစ်ခုဖြစ်စေတဲ့
အမည်နာမလေး တစ်ခုပါ.. ..

အမေ...
မကျေနပ်တိုင်း တစ်က ပြန် စရင်း...
ကျွန်တော်ကလေ...
ဟောဒီ ရင်ဘတ် အဟောင်းကြီးနဲ့ ဘ၀မှာ
အမြဲတမ်း တစ်ပြီး ... အသစ်ဖြစ်နေရတဲ့ ကောင်...

အမေ...
"ဆန်ရေ" ဆိုတဲ့ ကဗျာ တစ်ပုဒ်ကို ရွတ်ဆိုနိုင်ဖို့...
ခေတ်ကာလရဲ့  ရေစီးနဲ့ အမေနဲ့ ဝေးရာ ကျွန်တော် မျောရပြန်ပေါ့..
သံပတ်ပေးထားတဲ့ အသိတရားတွေနဲ့...
ကျွန်တော်က ဒေါင်းယောင်ဆောင်တဲ့ ကျီးမိုက် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ...
ကျွန်တော် မပျော်ပေမယ့် မငိုပါဘူး အမေ...

အမေ..
ဘ၀ခရီးက တလမ်းသွားပါပဲ...
စိုင်းထီးဆိုင် သီချင်းထဲမှာ ကျွန်တော်ကြားဖူးတယ်...
အခါခါ ပြန်လှည့်ချင်တဲ့ သားက
အမေ့ကိုတော့ အရှူံးတွေ ချမပြချင်ခဲ့ဘူး..

အမေ...
ငွေ့ရည်ဖွဲ့နေတဲ့ အမေ့ မျက်ဝန်းလို..
ကျွန်တော့ ရင်မှာလည်း စိုထိုင်းဆတွေ သိပ်သည်းလို့...
ဥသြသံ .. ဆယ်နှစ်ရာသီ သာနေတဲ့ အရပ်မှာတောင်..
ကျွန်တော်က လွမ်းခွင့် မရှိဘူးတဲ့ ....

အမေ..
ဒီနေ့.. သာယာပါရဲ့ လား... ရာသီဥတုအပါအ၀င်
အမေရော.. ကျွန်တော်ရော...ကျွန်တော့် အိတ်ကပ်လေးရောပေါ့....
ဘ၀က နေသာထိုင်သာ မရှိသေးရင်တောင်မှ...
နေမညိုခင် အချိန်လေးမှာတော့...
အမေ့သား ကျွန်တော်လေ..... အမေ့ဆီ ပြန်ရောက်ချင်လှပြီ...

***ဇူး***
(၉.၃.၂၀၁၁)
.

နွေဦးရောက်ရင်....

နွေဦးရောက်ရင်...
ဥသြနဲ့အတူ ကဗျာတပုဒ်... ဆိုမယ်...
ငါမသိခဲ့တဲ့ မင်းဘာသာစကားတွေကို နားလည်ဖို့လည်း ကြိုးစားရမယ်...

နွေဦးရောက်ရင်...
ဟိုတချိန်က ငါတို့ လွှတ်တင်ခဲ့ဖူးတဲ့ ကောင်းကင်ကြီးကို ... မော့ကြည့်မယ်....
မြေနီလမ်းလေးက ငယ်အိပ်မက်ဟောင်းတချို့ကို ပြန်ရှာမယ်...

နွေဦးရောက်ရင်...
စိုထိုင်းစ များတဲ့ရာသီတွေထဲက အတွေးတွေကို.... ရိတ်သိမ်းရမယ်...
ခပ်ဝေးဝေးက အရာတွေအတွက် လက်တကမ်းမှာ ပျောက်ဆုံးသွားရခြင်းကို အမှတ်ရစေမယ်....

နွေဦးရောက်ရင်....
သြော်... အမှတ်တရ... မမေ့မလျော့နဲ့... မင်းကိုလည်း အမှာပါးရဦးမယ်...
"နွေဦး..... အဲဒီနွေဦးရောက်ရင် .. ငါ့ကို သတိရပေးပါ....လို့."

ငါ့ရဲ့  ၂၀၁၀...

၂၀၁၀ ကို စာရင်း ချုပ်မိတော့မှ....
စိတ်ကူးနဲ့ လက်တွေ့က တော်တော် ကွာဟနေသလို....

ဇရာရဲ့ သမိုင်းက
အရေပြားပေါ်မှာ ချရေးတယ်...
၂၄ နာရီကို အာရုံပြုရင်း....
မသိမသာနဲ့ သုံးရာသီကို ငါမေ့လျော့ဖြစ်တော့...

သီးသန့်ဖြစ်တည်မှု့ကလည်း...
ဥတုရာသီနဲ့ ကင်းကွာနေသလို...
သင်္ခါရ သဘောတရားမှာ....
ငါ့ သံယောဇဉ်ကြိုးလေးတစ်ချောင်း ပါသွားတယ်...

ဒီနှစ်ထဲ.. ကကြီးနဲ့ ယပက်လက်ကြား နေမိသူမို့...
ငါ.. အပြစ်ရှိခဲ့လား...ကွယ်...
မမှားခဲ့ပေမယ့် .. မှန်ခဲ့ရဲ့လားလို့...
မှတ်ချက်တွေ မပေးတော့နဲ့...
ငါက သံသရာမှာ အယူခံမဝင်ချင်သူမို့....

၂၀၁၀ ရေ...
လျှောက်လမ်းတွေမှာ...
ခရီးကတော့ တော်တော်ပေါက်ခဲ့ပြီ ထင်ပါရဲ့..
နှစ်သစ်ကို ကြိုဆိုဖို့တော့...
ငါ... အပြုံးနဲ့ အတူ .. လေပြေကို စောင့်နေရစ်မယ်.......

အဲဒီပြဿဒါးမှာ အိပ်မက်ပြာတွေကို မျှားခဲ့မယ်.....

အိမ်မက်ပြာပြာတွေကို မက်မက်စက်စက် ရှိုက်ခွင့်ရတဲ့ အခိုက်..
အဲဒီလမ်းဟောင်းလေးထဲ ကြွေကျခဲ့ဖူးတဲ့ ခြေရာတချို့တဝက်ကိုပဲ ကျွန်မ ကောက်ဖြစ်ခဲ့တော့တယ်....
သက်တန့်တွေ မိုးထားတဲ့ ကောင်းကင်မှာ စီးမျောပျော်ဝင်ဖို့...
အဲဒီ့ လေပြေနုတစ်ချက်နဲ့တင် ဘဝတစ်သက်စာ ပါသွားတယ်ဆိုတာ ဘယ်သူများ သိမှာပါလိမ့်။

ကိုယ့်ကြိုး ကိုယ်တပ်ပြီး ညှိမရတဲ့ သံစဉ်တချို့ကို သောတအာရုံနဲ့ မခံစားဖြစ်တော့တာလည်း ကြာနေခဲ့ပြီ...
ဟော... အပြုံးတွေ .. အပြုံးတွေ... မျက်တောင်တခတ်မှာပဲ.. ရင်ခွင်တစ်ခုလုံး ပြာဖြစ်သွားပြန်တယ်..
စောဒက တက်သံတွေပဲ နားထဲလျှံတော့... ချိုင့် ချိုင့်ဝင်သွားတဲ့ ဟောဒီရင်ဘတ်က နာလိုက်တာ....
ဆင်ကိုသတ် ၊ အစွယ်ကို ဖြတ်လို့ ဆင်ရုပ်ထုမှာတဲ့လား... ကျွန်မ မယုံချင်တော့ဘူး ..

သတ်မှတ်ချက်တွေကို ဖောက်ထွင်းဖို့.... တိုက်စားခံလိုက်ရတဲ့ ကမ်းပါးတွေအစား ကျွန်မ မြစ်ကိုပဲ နှုတ်ပိတ်ခဲ့လိုက်တယ်
အကြည်ညိုပျက်သွားတဲ့ တစုံတရာအတွက်... တခါတရံတော့လည်း ခြေချော်လက်ချော် အဆိပ်တက်နေရဦးမယ်....
တကယ်တော့ကွယ်...
တိတ်တိတ်ဆိတ်ဆိတ် ကျဆုံးရတယ် ဆိုတာမှာ ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်အောင် ရူးသွပ်ဖို့တော့ လိုမှာပေါ့...
ကဲ.. ပြောရင်းဆိုရင်း ... အဲဒီ ပြဿဒါးမှာမှ အိမ်မက်ပြာပြာတွေကို ကျွန်မ နှလုံးသားစစ်စစ်နဲ့ မျှားခွင့်ရတော့မယ်...

ကျောခြင်းကပ်... စာမျက်နှာ....

ဒါဟာ.. ကျိန်စာ တစ်ပုဒ်မဟုတ်ခဲ့ပါဘူး... ချစ်သူ.........
တွဲထားတဲ့ လက်ကို ဆုပ်ကိုင်ထားမိတဲ့ခဏ......
ငါတို့ ရင်ခွင်တွေ တဒင်္ဂ လင်းလက်သွားခဲ့ဖူးတယ်......
မျှော်လင့်ရင်း ထုဆစ်ရတဲ့ မနက်ဖြန်တွေဆီ.... ချစ်သူလှမ်းသွားတော့..........
တော်ရာဆိုပေမယ့်လည်း မပျော်မယ့်အတူ မလိုက်ခဲ့တော့ဘူး....
ခြောက်ခြားဖို့ ကောင်းတဲ့ ပစ္စုပ္ပန်က ခံစားမှု့တွေကလည်း
ခြောက်ခြောက်သွေ့သွေ့နဲ့ နေရာယူထားပြန်တယ်........
မေတ္တာတရားရဲ့  ညီမျှခြင်းတွေ မှားယွင်းတတ်တာ... လက်တွေ့ကျကျသိလာရတဲ့ အခါ....
ဆုတ်ဖြဲခံရတဲ့ နှလုံးသားဒဏ်ရာတချက်နဲ့....
ချစ်သူ.... သံသရာအဆက်ဆက်.... ငါတို့ ... ဆက်မမှားကြရအောင်.....
ကိုယ်စီလျှောက်မယ့်လမ်းတွေအတွက်... ပေါ့.....
အိုကွယ်... ရင်ချင်းအပ်တဲ့ ချစ်သူတွေ မဟုတ်ပေမယ့်...
ငါတို့... ကျောချင်းကပ်..သူငယ်ချင်းတွေ.......ဖြစ်ခွင့်ရှိသေးတယ်မလား.....
အဲဒီနေ့က လှလှပပနဲ့ တော့ ကြွေမကျခဲ့ဘူး..... တိတ်ဆိတ်ခြင်းက မြည်ဟီးနေလို့.....
အဲဒီနောက်ဆုံး........ နောက်ဆုံး ဆိုတဲ့ စာမျက်နှာတွေမှာ... မှ.....
ငါတို့လက်နဲ့ လမ်းခွဲခြင်းကို ပျိုးရင်း.... အတိတ်ကို ကြိတ်မှိတ်မော့သောက်ဖြစ်လိုက်တယ်.....


နှလုံးသားက ဖျားနာတဲ့ အခါ… ..

နှလုံးသားက ဖျားနာတဲ့ အခါ…
အချိန်အခါမဟုတ်ဘဲ … မျက်ဝန်းတွေက မိုးစွေတယ်ကွယ်….
တိတ်ဆိတ်ခြင်းက မေ့ပျောက်ခြင်းမှ မဟုတ်ခဲ့တာပဲ…..
ဒီလိုပါပဲ… ...ကိုယ့်ကိုကိုယ် သူရဲကောင်းလို့ ထင်တဲ့ ဒဏ္ဍာရီမှာ…
တားခွင့်မရှိတဲ့ မျှော်လင့်ခြင်းတွေ… မပြောဖြစ်တော့မယ့် စကားလုံးတွေ… တိုးလျညှိုးကျလို့….
သူ သွားမယ့် အရိပ်တွေနဲ့..… အို.. ကျွန်မ ကောင်းကင် မှောင်လိုက်တာ….


ကြွေသွားတဲ့ ရနံ့...

မာယာတွေ မဟုတ်ခဲ့ရပါဘူး.......
ငါထုဆစ်ခဲ့တဲ့ ရနံ့တွေမှာ..... မင်း .....သက်ပြင်းတွေ တိုးတိတ်ခဲ့ရတာ....
စကားလုံးတိုင်းက ကဗျာဖြစ်ခွင့် မရကြတဲ့ အခါ......
ငါမသိတဲ့ ခံစားမှု့တချို့တဝက်နဲ့.... တိမ်ပြာပြာနေ့ရက်တွေ....
မင်းမျှားခဲ့တဲ့ ငါ့အိပ်မက်သက်သက်တွေ.....
တခါတလေတော့လည်း... မျှော်လင့်ခြင်းဆိုတာ ...တိတ်တိတ်လေးကြွေသွားရတဲ့ ပန်းလို....
သံသယ မိုးတွေရွာနေပြီဆို.... ငါ့ကို ထားရစ်ခဲ့ပါ....
ရင်တခင်းမှာ ပျိုးခဲ့တဲ့ သစ္စာတွေ ကျပျောက်တာလောက် ဝမ်းနည်းစရာကောင်းတာ မရှိခဲ့ဘူးလေ....
မခြားနားခဲ့ပေမယ့်...... တိုင်းတာလို့ မရအောင် ငါတို့.... ဝေးခဲ့ဖူးတယ်.....
အဲဒီမနက်ခင်းက မင်း........ မင်း....... ထင်တာထက် ငါ့ရင်မှာ ပိုခါးခဲ့ပါတယ်.......


မတူညီသောညီမျှခြင်း

အမနှင့် မောင်လေး
ယောကျာ်း နှင့်မိန်းမ
အကြီး နှင့် အငယ်
ပြည်တွင်း နှင့် ပြည်ပ
မတူညီသော ဝါသနာနှင့်
မတူညီသော စိတ်ဝင်စားမှု
အစစ အရာရာမတူညီသော ဘ၀နှစ်ခု။

တူညီသော ခံယူချက်
တိုက်ဆိုင်သော ရည်ရွယ်ချက်တို့နဲ့
စတင်သိခဲ့သော ကျွန်တော်တို့နှစ်ယောက်။

မတူညီသော ဘဝနှစ်ခုမှာ
တူညီသော ပန်းတိုင်ကို ကိုယ်စီလျှောက်လှမ်းရင်း
တစ်ယောက်နှင့် တစ်ယောက် အားပေးကူညီရင်း
ဖြစ်ပေါ်လာသော Junction of Education
အောင်မြင်ပါစေဆုတောင်းရင်း...
မွေးနေ့မှာပျော်ရွင်ပါစေလို့ ဆုတောင်းရင်း...

26 (အမရဲ့ အသက်) = 26 (ကျွန်တော့်မွေးနေ့)


ပင်လယ်ရဲ့  အကွာအဝေး.....

ရင်တစ်ခုလုံး ကျကွဲတာတောင် ကဗျာတစ်ပုဒ် ဖြစ်မလာခဲ့ဘူး.. ကလေးရေ...
ပင့်သက်တွေကို လွမ်းရင်း ကလေး အိပ်မက်တွေကို ပျိုးစေချင်မိရဲ့ ....
အမှာစကားတွေ... မကြားနိုင်လောက်ရင်.... ကြုံခဲ့ဖူးတဲ့ အတိတ်တွေကို မေ့မပစ်ပါနဲ့....
ဟိုးတချိန်မှာ.... ငါတို့ အရိပ်တွေရှိနေခဲ့တယ်လေ....

ရာသီတွေ နှစ်ပတ်လည်....
တယုတယ မဟုတ်ပေမယ့်... တမြတ်တနိုးရှိခဲ့တဲ့... အဖြူရောင်တွေ...
ကလေးရေ... ငါ့လက်ကို တွဲထားပါ...
စကားတွေမလိုအပ်တော့တဲ့အခါ... ဆုပ်ကိုင်ထားတဲ့ နွေးထွေးမှု့တွေက
အေးစက်မှု့တွေ ကွယ်ပျောက်အောင် ..ထွေးပွေ့လိမ့်မယ်...

အကြည့်ချင်းဆုံမှတော့ မဟုတ်ပါဘူ...
အကွာအဝေးဆိုတာနဲ့... ရင်ချင်းခြားလို့မှ မရခဲ့ဘဲကွယ်...
နိုဝင်ဘာမှာ အလွမ်းတွေ ဆုံးတယ် ဆိုပေမယ့်လည်းလေ...
တစ်ရက်တည်းသော ဇွန်လရဲ့  မနက်ခင်းက ငါ့ကို အမှောင်ချပြန်တယ်...

ကလေးရေ...
ဒီလမ်းတွေ ကြမ်းတဲ့အခါ.... ဒီခလုတ်တွေ စူးတဲ့အခါ...
သင်္ကေတ တချို့မှာ... စိတ်ဓာတ်တွေ မယိမ်းလိုက်ပါနဲ့.....
ရည်ရွယ်ရာ မိုင်ပေါင်းများစွာအတွက်....နင်ထွန်းမယ့် သက်တန့်ကို မျှော်ရင်း
ငါ.....ငါလေ....ရောင်နီကို စောင့်နေပါ့မယ်...


တံလျှပ်....

ရယူလိုတဲ့ ပေးဆပ်မှု့တွေကြား....
တံလျှပ်ကိုရေထင် ... မေမေရေ...
တကယ်တော့ အလျှံတညီးညီးနဲ့......

ကိုယ်မှန်ရင် ခေါင်းမရွေ့ဘူးတဲ့....
ဒါပေမယ့်လည်း တကိုယ်လုံး အရွှေ့ခံလိုက်ရတဲ့ အခါ...
ဘာမဆို ရင်ထဲမှာ ခါးတယ် မေမေ....

ဆေးခပ်ထားတဲ့ အပြုံးတွေထဲ....
ခွဲခြမ်းစိတ်ဖြာမိတော့ မချိပြုံးတွေ များနေသလားပဲ....
တခါတခါတော့ မေမေပေးတဲ့ အင်အားတွေကို အားနာမိတယ်... မေမေ...

ခံနိုင်ရည်.... အပြောင်းအလဲ....
ကာရန်မှာ ချိုပေမယ့် ...
ထိခတ်လိုက်တဲ့ အတွေ့အကြုံဆိုတာက....
ခံစားချက်တွေအတွက်တော့ မချိလောက်ဘူး.....

သမီး... တစ်နေ့တော့ နားလည်မှာပါ.... လို့ မေမေ ပြောလိုက်သလားလေ...
ဒါဟာ.... ဘဝအတွက်.... ကဗျာတစ်ပုဒ်....သံစဉ်တချို့ ....
စကားလုံးနှစ်လုံးရဲ့  ပုစ္ဆာကိုတောင် သမီး.. ဥာဏ်ရည်မမှီနိုင်ခဲ့လေတော့...
စိတ်မပျက်ပါနဲ့ မေမေ....
အလျှံညီးတဲ့ မီးပင်လယ်မှာ မေမေ့မေတ္တာနဲ့မှ ငြိမ်းချမ်းနိုင်မှာမို့....
ဒီပြန်လမ်းတွေကို ရင်နဲ့ခင်းလို့ လျှောက်ခဲ့ပါ့မယ်......

(အင်း ... စာလာဖတ်တဲ့ သူတွေကို စိတ်ညစ်အောင် လုပ်နေမိပြီလားမသိ။ အသည်းကွဲကဗျာနဲ့ စိတ်ညစ်ညူးစရာတွေပဲ ရေးနေမိသလားလို့ ကိုယ့်ကိုယ်ကိုယ်လည်း စဉ်းစားနေပါတယ်... စိတ်ဖိစီးမှု့များတဲ့ အခိုက် ရေးမိပေမယ့်.. ပျော်ပျော်နေတတ်တဲ့ သူပါလို့ပဲ ပြောပါရစေနော်..း))


ကြာခဲ့ပြီ...

ရှိနေစေချင်သေးတယ်ဆိုတဲ့ စိတ်တစ်ခုက ဟောင်းခဲ့တာလည်း ကြာခဲ့ပြီ......
မရှိရင် မဖြစ်ဘူးဆိုတဲ့ စကားတစ်ခွန်း......
မရှိရင်လည်း ဘာမှ မဖြစ်ဘူးလို့ သဘောပေါက်လိုက်ရတဲ့အခါ...
အတိတ်တွေနဲ့ ငါ့အရိပ်မှာ နင် မညိုတော့နဲ့........

ကိုယ်ချင်းစာတရားတဲ့...
လှည့်စားတတ်တဲ့ နှုတ်ခမ်းတစ်စုံနဲ့...
ကတိမတည်သူရဲ့  သစ္စာစကားတွေ ကြားလိုက်ရတဲ့အခါ....
ငါ့နှလုံးသားက....တစ်ဘဝလုံးစာ......ခါးတယ်......

အကြောင်းရင်းတွေများလွန်းလို့.. အကြောင်းပြချက်မဲ့တဲ့ အခါ....
ကျောခိုင်းသွားတဲ့ ခြေသံတချို့ကို နားစွင့်မိတဲ့ အခါ......
သင်ခန်းစာတချို့အတွက် ငါ... နင့်ကို သတိရမိတဲ့အခါ.....
သေချာပါတယ်... ငါ့ အိပ်မက်ဟာ... နင် မဖြစ်စေရပါဘူး....

ဘာပဲဖြစ်ဖြစ်ပေါ့လေ...
သံသယတွေနဲ့ ကြည့်နေရတယ်ဆို.. မတွေ့မမြင်ရတာ ပိုကောင်းမယ်....
စကားတွေနဲ့ တိုက်ခိုက်နေရမယ်ဆို....ဘာမှ မပြောဖြစ်လိုက်တာပဲ ပိုကောင်းမယ်...
စိတ်ချင်းမနီးဘူးဆိုရင်... လူချင်းဝေးနေတာက ပိုကောင်းမယ်.....

အတုံ့အလှည့်နဲ့ လောကကြီးမှာ... နင်လက်မခံချင်ဆုံး..ငါ့အရှုံးတွေ ကြုံလာတိုင်း....
မျှဝေခံစားခြင်းဆိုတာ.. နင့််အဘိဓာန်မှာ မရှိမှတော့....
မတွေဝေပါနဲ့....ဝေးကွာခြင်းက ငါတို့ကြားမှာ ပြဌာန်းတယ်....

ငါ ဖြစ်ခွင့်မရတဲ့ ဖိတ်စာ တခြမ်းအတွက်လည်း...
ရင်ဘတ်ချင်းခြားရုံအပြင်...ဘာမှလည်း မထူးပါဘူး....
မလွမ်းသင့်တော့တဲ့ အခြေအနေတစ်ခုမှာ...နင်ပျော်ပါ....
ငါ့အတွက်တော့... ဘယ်စပျစ်သီးကမှ မချဉ်ဖူးခဲ့ပါဘူး....

တွေဝေတဲ့ မျက်ဝန်းတွေက...မပြတ်သားတတ်တဲ့ ပုံရိပ်...
လှည့်မကြည့်နဲ့... ငါက အဲဒီမျက်ဝန်းတွေကို အမုန်းဆုံး...
ကဲပါ... ချစ်ခြင်း မုန်းခြင်းကင်းတဲ့ နှုတ်ခမ်းနဲ့... ငါပြုံးလိုက်တဲ့ အခါတိုင်း...
နင့်နှလုံးသားကိုသာ အချက်ပေးလိုက်ပါ..... အရာအားလုံးပြီးဆုံးခဲ့ပြီလို့.....

အလွမ်းပုံပြင်...

အဖြူနဲ့ အနက်ဟာ အရောင်မဟုတ်ဘူးလို့... နင်ငြင်းဆိုတဲ့အခါ...

ငါကတော့ နင့်ရဲ့  စာမျက်နှာမှာ အရောင်မဲ့....

တကယ်ပါ...

သက်ရောက်အားနဲ့ နှိုင်းယှဉ်လိုက်တိုင်း... ငါညှို့မှိုင်းနေခဲ့တာ....

ဖြစ်သင့်လို့ ဆိုတဲ့ စကားတစ်ခွန်းတော့ မသုံးလိုက်နဲ့….

တံတိုင်းတွေ ခြားလို့တော့ မဟုတ်ခဲ့ဘူး….

နင့် ကျောအခိုင်းမှာ… ဝေးကွာသွားခဲ့တာ.. ဘဝတစ်သက်စာ…

ဒီတိမ်တွေ လွင့်နေတိုင်း ငါ့ကောင်းကင်က

နင်ခြွေချခဲ့တဲ့ နေ့ရက်တွေအတွက်… ခပ်ဖွဖွ နာကျင်နေသေးသတဲ့….

နင့်တိမ်တိုက်တွေ ငါ့ကို အမှောင်ကျစေတဲ့ အခါ….

နင့်အိပ်မက်တွေ ငါ့အတွက် ရင့်သီးစေတဲ့ အခါ...

နင့်မုတ်သုန်က ငါ့ကို ရွာကျစေတဲ့ အခါ….

ထိခတ်တဲ့ ငါ့ရင်တခင်းလုံးနဲ့… ခပ်ရဲရဲပဲ ငါပြုံးပေးပါ့မယ်……….

ဒီလိုနဲ့.… ကာလအပိုင်းအခြားတစ်ခုမှာ စကားတွေဆိတ်သုန်း…

ငါ့နှလုံးသား ဆန္ဒကို…. ငါပြန်ကြားယောင်နေတုန်း………

အလွမ်းရောင်တွေ စွန်းထင်းတဲ့ မှတ်တမ်းတချို့အတွက်….

အဲဒီအတိတ်က ပုံပြင်တစ်ပုဒ်ကိုပဲ အကြိမ်ကြိမ် ချရေးဖြစ်ခဲ့တော့တယ်….

ကိုယ့်အတွက် ကိုယ်တိုင်ရေးကဗျာ...

ကိုယ့်လမ်း ကိုယ်ဖောက်...
ကိုယ့်အရိပ်...ကိုယ်ပျောက်နေမလား....
ကိုယ့်ခရီး ကိုယ်လျှောက်...
ကိုယ့်အတိတ် ... ကိုယ်ကြောက်နေရမတဲ့လား....

မုန်းတယ်...
ရကန်ကဗျာတွေကို... မုန်းတယ်.....
နိစ္စဓူဝပုံစံခွက်ကို မုန်းတယ်.....
တစ်နေ့တော့ ဆိုတဲ့ မျှော်လင့်ချက်ကို.. မုန်းတယ်....
လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့.. အိမ်မက်တချို့ကို မုန်း... မုန်းတယ်....

တခုတ်တရနဲ့ ငါ မျှားခဲ့တဲ့... နေ့ရက်တွေ...
ပစ္စလက္ခတ်နဲ့ မျောခဲ့..........
အသိတရားအချို့ကို ပေးပါ.....
ငါ့မိုးသောက်ယံတွေကို ရဲဆေးတင်ချင်လို့......

ဝိုးတဝါးကြားမိလိုက်တယ်....
တွေးကြောက်လို့တော့ မဖြစ်သေးဘူး....တဲ့...
စိုးထိတ်လို့လည်းမဖြစ်သေးဘူး.....တဲ့....
သြော်....ကိုယ့်အရိပ်.. ကိုယ့်အတိတ်နဲ့...
ကိုယ့်သမိုင်း....ကိုယ်ရေးရဦးမယ်လေ.....

(စာမေးပွဲနားနီးလို့ ကိုယ့်ကိုယ်ကို ရဲဆေးတင်ရင်း .. စာမကျက်ဘဲ ကဗျာရေးမိပါတယ်...)


ချစ်သူခါချခဲ့တဲ့ ချွေးတစ်စက်

ရင်နှင့်ရင်းလို့....ချစ်ခဲ့မှန်းလည်း သိပါရဲ့ ....
ညီမလေးရေ.... လရောင်အောက်က...
ဒီချစ်ခြင်းတွေ.... မီးမောင်းထိုးခဲ့ရမယ်လို့ မထင်ခဲ့မိဘူး....

ခပ်လွယ်လွယ်မသုံးခဲ့တာ.... သိရဲ့  နဲ့....
ရှားရှားပါးပါးမေတ္တာတရားက.... ဘဝအောက်မှာ...
ပြားပြားဝပ်ဆင်းလို့....

မတားရက်သူနဲ့ မထားရက်သူရဲ့ ....
ဂန္တဝင်မဆန်တဲ့ ခေတ်အဆက်ဆက် ပုံပြင်တွေ......
ကိုယ်တိုင်ကြုံမှ ရင်ခွဲခံရတယ်...ညီမလေးရယ်...

နှလုံးသားအာဟာရ....
ချို့ချို့တဲ့တဲ့ ဘဝတွေအတွက်.... ငတ်မွတ်ခေါင်းပါးနေခဲ့ရတယ်...
ဘယ်လိုအာဟာရမျိုးအတွက်တော့ မသိဘူး...
ချွေးမသိပ်နိုင်တဲ့ နေ့ရက်တွေမှာ...
ဘာပဲဖြစ်ဖြစ်......
ညီမလေးရေ... မင်းမှန်ပါတယ်........

တေးသွား...

တောင်ပံခတ်သံတွေ... ဟိုးပင်လယ်ဆီက ကြားရတယ်...
အိပ်တန်းပြန်ငှက်တွေ... လမ်းပျောက်တဲ့ည....
မျက်ရည်မြစ်ရဲ့ ရေစီးနှုန်းဟာ...
အိမ်လွမ်းသူအတွက် ... စိုးရိမ်မှတ်ကျော်လွန်နေခဲ့....

စုန်ရေ..ဆန်ရေ...တွေ...
ဝဲဂယက်ရဲ့  ဗဟိုမှာ... တဖြည်းဖြည်းနစ်ဆင်း.....
သောင်မတင်.. ရေမကျဘဝတွေ.....
ကမ်းပျောက်နေတာလည်း အတော်ကြာခဲ့ပေါ့.....

အိမ်မက်တွေကို ပျိုးရမယ့်လက်က
ခွဲခွာခြင်းတဲ့လား....
နရီသံတွေ မြန်နေသလား...
လောကမာယာတောမှာတော့...
ငါ့ရင်ခုန်သံတွေ....... ပိုမြန်နေပါလိမ့်မယ်......

ထုံထိုင်းနေတဲ့ စိတ်တချို့က....
ရင့်ကျက်လာတဲ့ အချိန်အတိုင်းအတာတစ်ခုရဲ့  မှော်ကြိုး....
ပြုစားနေတဲ့ ခေတ်ရေစီးမှာတော့....
မျှော်နေသူနဲ့ ပေါ်မလာသူတို့ရဲ့  တေးသွား....
ငါသီဆိုဖို့တော့ မဝံ့ခဲ့ဘူး.....


အတိတ်မြို့ 

အကြင်နာတွေ လက်သိပ်ထိုးလို့
မြေစမ်းခရမ်းပျိုးပြီးမှ.....
ကန်လန်ကာ ချလိုက်ရတဲ့ နိဒါန်း........

လားရာတူခဲ့ပေမယ့်....
အသွားအပြန်ဆိုတာလည်း မညီမျှလေတော့....
ထားခဲ့လိုက်တော့..... ဟိုးအတိတ်တွေကို....
နာကြည်းစရာမှ မဟုတ်ခဲ့ဘဲ...
နာကျင်စရာတော့ ကောင်းပါလိမ့်မယ်.....

တည်ဆောက်ခဲ့သမျှ.. သက္ကရာဇ်တွေ.....
မှုန်မှိုင်းသွားတဲ့ မျက်ဝန်းညိုညိုတွေ....
အနားသတ်ထားတဲ့ ခံစားမှု့ ခပ်စိမ်းစိမ်းတွေ...
ချစ်သူ... မင်းမသိတဲ့.... တချို့... တချို့....တွေ...

အတ္တတွေ ပျိုးလက်တဲ့ အချိန်ခဏလေးမှာပဲ.....
ဘယ်သူမှ မသိလိုက်ဘဲ... ဘယ်သူမှလည်း မဖျက်ပါဘဲ....
တိတ်တိတ်ဆိတ်ဆိတ်နဲ့..... ငါ့မြို့လေး... ပျက်ခဲ့ရတယ်.....


ငါ့နွေဦး....

ရာသီတွေ ထုပ်ပိုးတော့...
နွေဦးကလည်း အလျင်စလို........
အင်းလေ... ကြိုတင်အကြောင်းကြားစရာမှ မလိုခဲ့တာဘဲ...
ဒီလိုနဲ့..ကောင်းကင်ပြာပြာအောက်က
ငါ့နွေဦးမနက်ခင်းလည်း.........
..

No comments:

Post a Comment