လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

Monday 3 October 2011

ကဗျာ( ၂)

(လွဲချော်နေတတ်သူ)

ဒဿဂီရိမဟုတ်တော့
မင်းဘေးက အထင်ကရတွေကြားမှာ
ပြိုင်ပွဲမဝင်ရဲတဲ့ စည်းပြင်က လူပါ

စိတ်ကူးနဲ့ လေးညှိ့တင် သေချာပစ်တာတောင်
စိတ်ကူးထဲ အခါခါလွဲချော်နေတဲ့ လူပါ
ပစ်မှတ်ကို မင်းရွေ့လိုက်သလား
ငါကပဲ လက်ရည်ညံ့သလားဆိုတာ
ဒါဟာ ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်

ငါသာ မှော်ဆရာဖြစ်ရင်
မင်းကိုပြုစား ဖြားယောင်းမယ်
ငါသာ ဘုရင်တစ်ပါးဆို
မင်းကိုအမိန်နဲ့ သိမ်းပိုက်ပစ်မယ်
ငါသာ ကဗျာဆရာတစ်ယောက်ဆို
မင်းကို စာမူခအကုန်အပ်မယ်
ငါသာ မင်းချစ်သူဆို
မင်းအနားအမြဲ နေလိုက်မယ်.......                              .
                  
                     
             ( ၇င်တွင်းမေ)

ခက်လွန်းလှပါဘိ ရင်တွင်းပူမိ

နှလုံးချိသူ အတွင်းကြိတ်ဆူ

အိပ်မက်ဝေဝါး စိုးစိတ်ကြီးထွား

တိတ်တခိုးအသံ ရင်ဖွင့်အန်မို့

အရေးတယူ ရှိစေချင်သည်.....

ဆိုတေးညဉ်းဖွဲ့ မေတ္တာတေးဘွဲ့

ချစ်ကြင်မြတ်နိုး ကြင်နာတိုးလို့

ရည်စူးရွယ်ရ ရိုးတို့မြေကျ

သက်ထက်ဆုံးတိုင် သစ္စာရယ်ခိုင်

ပြယ်မှုရှိမလား တန်ဖိုးရယ်ထား

ရင်တွင်းမေ့ကို အချစ်တွေရယ်ပို

မိကဲ့နှမကဲ့ ဖေးမကူလှည့်

ရိုင်းပင်းတူညီ တွဲလျှောက်လှမ်းမည်

ဘဝနဲ့ချီ ကတိတည်၍

ဆံဖြူသွားကျိုး အလှအိုလည်း

မေတ္တာမပျယ် သစ္စာထားမယ်

ထိုသို့မှတ်လော့ မောင့်ရင်တွင်းမေ      

                 ( အဝေးကနေဆွေး)
ဝေးဝေးကနေဆွေး
ဟော…. တွေးတွေးမိပြန်တော့

ပင့်သက်ကယ် ရှိုက်ခါ

ဆွေးမြေ့ရင်လွှာ တနင့်နင့်ကျင်လည်း

အချစ်မိုးစွေနေဆဲပါ…..

ရင်တွင်းတိတ်တခိုး အလှပဂေးလေးက

အဝေးတစ်နေရာ

တပြည်ကွာ ထိုရွာမှာ ရှိ

တွေးကြည့်တော့ ထိုပဂေးလေး လွမ်းမလွမ်း

သတိရမရ မရေမရာ မသေချာလဲ

သေချာသတိရ လွမ်းမိတာက ဟောဒီလူ…..



မေ့ထားပေမယ့် မေ့မရလေတဲ့ အဲဒီပျို

ဖမ်းစားညို့ငင် ဒီလူ့ရင်ကို

ပြုစား မှောက်မှားစေနိုင်လွန်းတယ် အသည်းဝယ် ကတုန်ကရင်

တခါတလေ လွမ်းလွန်လွန်းလို့ လွမ်းကိုလွမ်းလိုက်ရ

တခါတလေ ဆွေးလွန်လွန်းလို့ ဆွေးကိုဆွေးလိုက်ရ

တခါတလေ တွေးလွန်လွန်းလို့ တွေးကိုတွေးလိုက်ရ

ငေးကိုငေးလိုက်ရနဲ့ ဟောဒီလူ အသည်း

အချစ်နွံ့ထဲမှာ အလွမ်းနွံ့ထဲမှာ

ပေပေတေတေအသားကျနေတတ်ပါပြီ…..



တခါတလေ ကြားအောင်

သိအောင်ပြောပြောပြချင်

ထိုကညာခင်ကို ဒီရင်ကိုဖွင့်

အကြင်နာစစ်စစ် မေတ္တာအချစ်ကို သက်သေပြလို့

မိုးလင်းမိုးချုပ် လွမ်းမိနေတဲ့ အကြောင်း

နည်းနည်းလေး တစေ့တစောင်းတော့

ချစ်ကြင်တဲ့အကြောင်း

အချိန်မနှောင်းခင် အရိပ်မြွက်ပြချင်

လှတပတ မျက်ဝန်းလေး အရောင်ပြောင်းသွားမှာ

နှင်းဆီရောင် နှုတ်ခမ်းလေး မဲ့သွားမှာ စိုး

စိုးလွန်လွန်းလို့

ရင်တထိတ်ထိတ် ဆုတောင်းတွေနဲ့

မျှော်လင့်ခြင်းဆိုတဲ့ သုညကို ရင်ဝယ်ပိုက်ရင်း

အဲဒီပျိုကို ဝေးဝေးက ဆွေး….ဆွေး..နေတော့မယ်

      ( တစ်ကိုယ်တည်းရူး)


ရိုးမယ်ဖွဲ့တော့ ဘယ်မကုန်ရှိချိမ့်

စန်းသော်တာဒီအရိပ်မှာ

အမောတွေလှစ်ကယ်ပျောက်

အတွေးလည်းမနောက်ပြီ

အို…လဝန်းသခင် လင်းလက်ပါ့အရှင်

ထွန်းတောက်တဲ့ ကြယ်စင်

မြူးလဲ့လဲ့ရွင် တိမ်မြူတိမ်သား ကင်းလွတ်ခါများ

ပွင့်နဒီပန်းတို့ လန်းလန်းစို့စို့ ခါတော်အမှီ

လေညင်းချီချီ တစိမ့်စိမ့်အေး ဒီဆောင်းတွင်းလေး

မဲ့အဖော်မဲ့ တကိုယ်တည်းကွယ့်

ဘယ်မငြိုးရှိပါ့ ခပ်ဆွေးဆွေးရိပ် မဲ့မဲ့ထင်ထင်

ရှိုက်ကယ်နင့်ခါ မောင်မချိတာ

မေ့ကိုလွမ်းတဲ့ အလွမ်းမည်သော ထိုထိုအလွမ်း

စိတ်ဝယ်နွမ်းစေ့ ဘဝင်ဆိုးပေ့

ရက်ကယ်ရှည်ကြာ အလွမ်းကန္တာ

စန်းသော်တာမင်း ထွန်းလင်းညခါ

တေးညဉ်းထိုခါ လွမ်းစိတ်ဖြေတွေး

ဒီမောင့်အရေး ဟိုးဝိုးတဝါး…….

အလွမ်းရင်ပြည့် ဆွေးဘဝင်ညှိမို့

နင့်နင့်နက်နဲ တိတ်တဆိတ် လွမ်းဆဲလွမ်းမြဲ….

သတိတရ တသသမေ့ကို မေ့မရခက်ပိုဘိ့

နှုတ်ကယ်ဖွင့်ဟ ဖော်မှဂေါ်သမျှကိုတဲ့

အော် မဝံ့နှုတ်ဆိတ်နေ တိတ်တိတ်ကလေး

ချစ်ကြင်ခင်မိ မေမသိတဲ့ ငမောင့်ဒီရင် စိုးစိုးပါမျှ မေမမြင်မို့

လွမ်းမိသူမောင်အရူး ခပ်ဆွေးဆွေး တကိုယ်တည်းရူ  

     မြို့ ပျက်ဇာတ်လမ်း

သမုဒ္ဒရာ့ မြို့ပျက်ဇတ်လမ်းမှာ
အယုတ်တမာ့ စိတ်တွေမွေးဖွားကောင်းတုန်း
တထွာသာဝမ်းရေး…. အရေးငဲ့

အမေပေးတဲ့ မြေတစ်ကွက်နဲ့ ထွန်ရက်စိုက်ပျိုးလိုက်တာ
စပွန်ဆာပျိုးပင်တွေ ဖောသောသောပေါက်ရောက်
အလှဘန်းပြ အကျင့်ဖျက်ရောင်ခြယ်
မြို့ပြအလယ် ခပ်လည်လည်ည ပျော်မဆုံးဖြတ်တုန်း

အရေးတကြီးထည့်တွက်မိတဲ့ အကာဗလအညစ်ကြေးကို တွင်ကျယ်ကျယ်စားသုံး
လူအလည် ကြွားမဆုံး မော်မဆုံး
စိတ်ပျက်စရာ အကောင်းဆုံးမို့ သိပ်…. စိတ်ပျက်တယ်
အလျော်အစားနဲ့ အပေးယူမျှတနေတဲ့ တို့မြို့ပြတွေမှာ
အရေခြုံလဒတွေတွင်ကျယ်နေတယ်

လွတ်လပ်ခြင်း လေးခွသာ တို့ကိုင်စွဲရရင်
တစ်ကောင်ပြီးတစ်ကောင် မြေခစေရမယ်နဲ့
ခပ်ကျယ်ကျယ် လေလုံး ပစ်မဆုံးလည်း
ငါတို့လည်ချောင်း မယောင်ရမ်းသေးဖူး....

မြေသြဇာကောင်းလို့ ပျိုးပင်ကောင်းနေတာ
သီးလာတဲ့ အသီးက အဖြစ်လောက် တကယ်ကို အဖြစ်လောက် ………

သိပ်စိတ်ပျက်တယ်

ဟန်ဆောင်ကိုယ်ကျင့်တရားတွေ
ဟန်ဆောင်အပြုံးတွေ
ဟန်ဆောင်သကာနှုတ်ခမ်းတွေ
ဟန်ဆောင်စကားလုံးတွေက

ရိုးသားသူတို့ ရန်သူ တကယ့်ကို ရန်သူ
အရောင်လက်သူတို့ မာန်ဂုဏ်
မွဲတဲတဲ သူတို့ ရိုးဂုဏ်နဲ့ ပြိုင်စရာမှ မဟုတ်တာ

ခပ်ခက်ခက်လူတချို့ ခပ်လွဲလွဲခံယူချက် ခပ်လွယ်လွယ်ခွင့်လွှတ်ဖို့ရာ
ခက်ခဲခဲ မဟုတ်တော့ပါ

တကယ်တော့ ခက်ခဲတယ်ဆိုတာ မလွယ်ကူလို့ပေါ့
ဘယ်တရားနဲ့ပြောပြော
လောဘဆိုတာ အမှား ဒေါသဆိုတာ အမှား မောဟဆိုတာရလဒ်
အမြတ်လိုချင် အရင်းအရင်တင်
ရမ္မက်ဈေးကွက် ချရောင်းမယ့် ခပ်ညံ့ညံ့ဈေးသည်တွေ
ကဝေအထာ အမယ်ရှာပြီး အမေပေးတဲ့ မြေတစ်ကွက်နဲ့ လာလုပ်မစားနဲ့
တို့မြို့ပြကြီး ညစ်ပတ်လွန်းတယ် ဒါတွေ မြင်ရလွန်းလို့
ပြောရလွန်းလို့ သိပ်….. သိပ်……သိပ်စိတ်ပျက်တယ်……အကြောင်းရင်း
အကြောင်းအရင်း            မနေ့ က
ကျွန်တော့်အတွက်
သူမတောင်းဆိုပေးတဲ့ အဖြူရောင်သံစဉ်ရေဒီယိုသီချင်းလေး
ခံစားနားဆင်ရင်း.....

အဲဒီသီချင်းထဲက ခံစားမှုမျိုးလားမေးမိတော့
သူမက ဟုတ်တယ်တဲ့
ကျွန်တော့် ဝင်သက်ထွက်သက် ခဏရပ်သွားတယ်....

ဒိန်း!!!!!!!! ဆိုတဲ့အသံ
ကောင်းကင်ပေါ်ကလား
ရင်ဘတ်ထဲကလား မသိလိုက်ဖူး
ကျွန်တော်သိလိုက်တာက ရင်တုန်သွားတာ......

ဒုတိယမ္ပိ နောက်တစ်ကြိမ် အသဲကွဲဖို့လား
အချက်ပေးခေါင်းလောင်းသံတွေ
ကျွန်တော့် ခေါင်းမူးမတတ်ပါပဲ.........

ကျွန်တော့်ဒုက္ခက.........
နောက်လည်းပြန်မတွေး ရှေ့လည်းမျှော်မတွေးဖူး ဆိုပါမှ
မြှားတစ်စင်းတည့်တည့်လာစိုက်တယ်........

ပစ်မှတ်မှားတဲ့ မြှား ဆို ကျွန်တော်..သေပြီဆရာ.....
ချီတုံချတုံနဲ့ အသက်ရှုမှား
အတွေးတွေက အိပ်ရေးပျက်စေတယ်.......

မိုးလင်းတော့
အိတ်ကပ်ထဲက လိုင်းကားခ တစ်ရာတန်ခပ်နွမ်းနွမ်းလေး
ကျွန်တော့်လက်ထဲက ခုန်ထွက်ဖို့ပြင်လို့......

လာသမျှ ဘတ်စ်ကားတွေ
ဟိုတစ်စီးလား ဒီတစ်စီးလား
တက်လိုက်ရနိုးနိုး ရွေးရင်း
ဒီနေ့အလုပ်ချိန်နောက်ကျသွားပြန်တယ်.....

(အယာကဗျူး)

အလွမ်းမဲ့ ချစ်ခြင်း
အဆွေးမဲ့ ချစ်ခြင်း
မုသားမဲ့ ချစ်ခြင်း
အမုန်းမဲ့ ချစ်ခြင်းတစ်ခု

ထပ်ပျိုးခွင့်များရှိမယ်ဆိုရင်
ငါလေ... စိုးတထိတ်ထိတ်နဲ့
တိုးတိုးတိတ်တိတ် ယုယုယယပျိုးချင်တယ်.....

ချစ်ခြင်းအလှပတရားကို တပါးသူမြင်သွား ခူးသွားမှာ စိုးလို့ပါ
ဘာဖြစ်လို့ ငါ့ကျမှ ချစ်ခြင်းက မချစ်ခြင်းဖြစ်နေရတာလဲ

ပြောင်းလဲခြင်းမရှိတဲ့
ဟောင်းနွမ်းခြင်းမရှိတဲ့
ခွဲခြားခြင်းမရှိတဲ့ ကျောခိုင်းခြင်းမရှိတဲ့
ချစ်ခြင်းဆိုတာ တကယ်ရှိသေးလား.....

ဒွိဟမျိုးစုံနဲ့
အတွေးခေါင်တတ်,သွားတာ ငါဖြစ်နေတယ်

စာသူငယ် ခဲမှန်တယ်ဆိုတော့
ငါ့နှလုံးသားက ဘာမှန်သွားတာလဲ
အချစ်လား
ဂုဏ်လား
ငွေလား
ဓနဥစ္စာလား ရုပ်ရည်ရူပကာလား

အိုးးးးး လားလားတွေများလိုက်တာ......
သေချာတာကတော့ သတိရှိသွားပြီ

မရိုးသားတော့ဖူး အချစ်ကိုသံသယရှိချင်ပြီ
အားနာလိုက်တာ ချစ်ခြင်းရယ်......
ဘေထိ ဆိုတာနဲ့ ကွဲသွားတဲ့ အသည်း
(ကိုကျောက်စကားလုံး)

စတာနဲ့ လွမ်းခန်းရောက်သွားတဲ့ ဒီဇတ်
အိပ်ရေးပျက်ခံ ကြည့်မိတာမှားသွားတယ်

ဘယ်သူက ပွဲလန့်တုန်း ဖျာဝင်ခင်းသွားတုန်း
ဇဝေဇဝါ အိပ်ချင်မူးတူးမို့လား အဖြေရှားသွား.....

တောက်!!! ဘာလိုလိုနဲ့ သုံးဆယ်နားကပ်သွားပြီ
ကိုယ်စနောက်ခဲ့သမျှ ဝဋ်ပြန်လည်သလား

ကလေးတွေအခေါ်အဝေါ်မှားနေတယ်
“လူပျိုကြီးကိုသီဟ” တဲ့

“တိန်”

နောက်တခါဆို မုန့်ဝယ်မကျွေးတော့ဖူး
အနာပေါ် တုတ်လာပစ်ချတာကိုး

ခေါင်းကုတ် ကျောကုတ်နဲ့
မချိ့ပြုံးလား ရှက်ပြုံလား မသေချာပဲပြုံးမိသွားတယ်...................
....         
 (ဒါဝဋ်ကြွေးလာကွယ်)
...        
ဝါဆိုသည်အခါ
အုံမှိုင်းငယ် ရီမှောင်ရီမှောင်
မိုးတောင်က ခြိမ်း ခြိမ်း
တိမ်ညိုတိမ်နီ ရိပ်မည်းဆင်
ရွာမှာ ဒီအခါ မိုးဝသန်ပြာ
စို စို စိုစို ရွဲစေတာ

သည်းလာမှာ ပင်အိုပင်ပျို
မျိုးစုံစွာ ယိမ့်ယဲ့ခါခါ
လျှပ်ပန်းလျှပ်နွယ် ပျိုးပျိုးလက်လက်
တပေါက်နှစ်ပေါက် ကျဲလာရဲ့
မိုးသားမိုးရိပ်ဆင်ခါရယ်
ဝေါခနဲ့ ရွာတယ်
ဝါဆိုမိုး သည်းလွန်းပါ့ကွယ်

ရွှေဖားငယ် အုံအွမ် အုံအွမ်
မြည်သံ မြည်သံ မိုးလုံးညံ
နားဝလျှံ
မိုးခေါ်သလား အမောင်ခေါ်သလား
မိုးတွင်း အကင်ခံချင်သလား
ရွှေဖားငယ်တွေ အစားခံချင်နေ
ရွာခြယ် ရွာတယ် မိုးတွေကွယ်
ဝါဆိုမိုးတွေစွေတယ်

မြစ်ငယ် ချောင်းငယ် မိုးရေလျှံပယ်
အို... ဝါဆိုမိုးသည်းလွန်းတယ်
အင်ဥတွေနဲ့ မှိုနတို ရောကြော်သကိုး
လျှာလည်မှာစိုးတယ်ကို
စားဖားငယ်ကင် အသားရယ်ထွင်
ရောသမ အချဉ် လွေးမကွဲ့ပြင်
မိုးရိပ်ညိုဆင် သွေးလေပူချင်
တောချက်ကယ်နဲ့ ထိုအကင်
သွားရည်ကျစရာပင်

ပိုးပုဆိုးခြုံထည်ပြင် ဗိုက်ကယ်လေတော့မင်
ခေါင်းအုံးတုံးခု ခလူးခလော သံစုံပင်
ဝါဆိုမိုးသည်းလွန်းတယ်ထင်.................................

             သူမ(၁)
သူမပန်ထားတဲ့ ပန်း

သူမ ဆံညှပ်ကလေး

သူမ ပါးပေါ်က သနပ်ခါး

သူမ နားဆွဲလေး

သူမ လက်ဆွဲအိတ်ကလေး

သူမရဲ့ အရိပ်ကလေး ဖြစ်ချင်တယ်.......


သူမ ပါးချိုင့်ကလေး

သူမ အပြုံးလေး

သူမ သွားတက်ကလေးတွေ

သူမ နှုတ်ခမ်းပါးလေး ဖြစ်ချင်တယ်


စက္ကန့်တိုင်း

မိနစ်တိုင်း

နာရီတိုင်း

နေ့တိုင်း

ညတိုင်း သူမ အနား နေချင်တယ်


သူမ ကိုချစ်တယ်

သူမ ဆံနွယ်လေးတွေ ကိုင်ဖွချင်တယ်

သူမ ကိုလွမ်းတယ်

သူမကိုတွေ့ချင်တယ်

သူမနေမကောင်းရင် စိတ်ပူတယ်......


သူမ စိတ်ကူးတွေ သိချင်တယ်

သူမ အိပ်မက်တွေ မြင်ချင်တယ်

သူမ ပန်းတိုင်ကို ပို့ပေးချင်တယ်

သူမကိုချစ်တယ်......


သူမတို့လမ်းထိပ်

ရောက်တိုင်းငေးတယ်

မျက်လုံးဝေ့မိတယ်

သူမ အရိပ်ကလေး မြင်နိုးနိုး

သေချာတာ သူမရှိနေတဲ့ နေရာ.....


သူမကိုချစ်တယ်


သူမ(၂)


တွေ့တော့လည်း ငေးကြည့်ရုံလေး

မြင်တော့လည်းပြုံးပြရုံလေး

အိမ်ပြန်ချိန်လည်း နှုတ်ဆက်ရုံလေး

အရာရာ နှုတ်ဆွံ့အ

ရင်ထိတ်လှစွာ

အုံပုန်းအချစ်ဟာ....


ဒီရင်ထဲ မေတ္တာရှိဆဲ

အရိပ်မည်း ခဲမှန်ဒဏ်ရာ

အမာရွတ်ထင်ကျန်တာက

လန့်နိုး သတိပေး

အချစ်ရေးကို

စိုးလန့်နေသူ


သူမကိုငေး

သူမကိုပြုံးပြ

သူမကိုနှုတ်ဆက်

သူမကိုပဲ တိတ်တခိုး ချစ်တယ်


ဝေးနေရင်

မတွေ့ဖြစ်ရင်

မမြင်တာကြာရင်

သူမကို

တယောက်တည်း

လွမ်းမိတယ်


သူမ ရှိမယ့်နေရာ

သူမ နေတဲ့နေရာ

အရောက်သွား လွမ်းစိတ်ဖြေတယ်

သူမ အငွေ့သက် ခိုလှုံရင်း

လွမ်းစိတ်ပြေတယ်....


သူမကိုချစ်တယ်


သူမ(၃)


လွမ်းလိုက်တာ

တွေ့ချင်လိုက်တာ

ဆုံချင်မိတယ်

အချိန်တိုင်းပေါ့

သူမ သိမလား

သူမ မသိဖူးလား


သွေးကြောထဲမှာ

သူမကို ချစ်တဲ့စိတ်

သူမကို လွမ်းတဲ့စိတ်

သူမကို ချစ်တဲ့စိတ်

လည်ပတ်နေတယ်


သူမ သိပါစေ

သူမ မြင်ပါစေ

သူမ နားလည်နိုင်ပါစေ


မြတ်ဘုရားရှေ့

တောင်းဆုချွေ

သူမ ငြိမ်းချမ်းစေ

သူမ ပျော်ရွှင်စေ

သူမ အေးချမ်းစေဖို့


သူမကိုချစ်တယ်...



ပုံပြင်ဇာတ်တွေ.....



အဲဒီအချိန်ကစပြီး

ငါ ပုံပြင်တွေနားထောင်ဖို့ ဝါသနာအစပြုခဲ့တယ်

ဆင်တွေကျားတွေယုန်လေးတွေနဲ့

မြေခွေးတွေပါတဲ့ ပုံပြင်

သိပ်ကြိုက် သိပ်မိုက် သိပ်ခိုက်တယ်....

စိတ်ကူးတွေမြူးကြွစေတဲ့

ပုံပြင်တွေပေါ့

ရိုးမသွားဖူး ဒါပေမယ့် ယုတ္တိမရှိဖူး

ဒါပေမယ့် ယုံချင်သလိုလို

ဒါပေမယ့် မယုံရဖူးလေ......

ကြားနေကြ စကားတွေ ဝါကျတွေက

ထပ်ထပ်နေတော့ သိနေသလိုလိုနဲ့

တကယ်တော့လည်း မသိသေးဖူးပဲ

အချစ်တဲ့လား ဘာတဲ့ အချစ်တဲ့လား

သွားစမ်းပါ နားစမ်းပါ

အချစ်က ဘာမှမဟုတ်ဖူး

ဖြစ်နေတာ ပျက်နေတာ ပြောင်းလဲနေတာ

ငါ့တို့စိတ်တွေပါဟာာာ.....

ပြဇတ်ကသလို ကြိုဇတ်တိုက်မရလို့

လွဲချော်ခဲ့တဲ့ ပြကွက်တွေက

ကသောင်းကနင်း ဗရုတ်ဗရက်

ကြည့်သိပ်ခက်ခဲ့တယ်...

နောက်ဆုံးတော့လည်း

ဇတ်နာတယ် ဖြစ်ရပြန်ရော

ပေါင်းမှ လွမ်းမှ ဆွေးမှ ဆိုတာ

ဇတ်ညွန်းရေးသူရဲ့ အလိုကိုး.....

ဘာဖြစ်ဖြစ် ကိုယ်ကတဲ့ ဇတ်

ကိုယ်နိုင်ဖို့တော့လိုတယ်  ဒါဆိုအေးဆေးပဲ................
.
 ကမ္ဘာဖလား


ပွဲကိုမစသေးဖူး
အီတလီနဲ့ ပြင်သစ်
အပြင်ကငေး

ထင်မထားတဲ့
အင်္ဂလန်
ဖင်လန်အိမ်ပြန်

ဂျာမဏီဆော်တော့
အာဂျင်တီးတို့အော်
မာရာဒိုနာမျက်ရည်ရွဲ
မက်ဆီပက်လက်လဲ

ပေါ်တူဂီပါ
အဝါရောင်တပ်ရှေ့
ငုတ်တုတ်မေ့

နယ်သာလန်အသေကန်
ဘရာဇီးခွက်ခွက်လန်

စပိန်တစ်ဂိုးသွင်း
ဂျာမဏီပြိုဆင်း

စပိန်နဲ့ဟော်လန်
ဘယ်သူမှန်
ကြည့်လိုက်ကြစို့
ရောင်း၇င်းတို့ 


.........................                   အတ္တပါးပါးခြယ်သထားတဲ့ ပန်းချီကားလေး
ခပ်ပါးပါးလေး ခြယ်ရင်းငေးတော့
ရေးပြပြနဲ့ ပန်းချီကားလေး သက်ဝင်လှတယ်
တစ်ယောက်နဲ့တစ်ယောက် မှေးမှီခိုရင်း
ဖေးမအားပေးရင်း
ကတိတွေထပ် သစ္စာနဲ့ ကွန့်ပြီး
အိမ်မက်တွေ လှပနေလိုက်ပုံများ
အချစ်ဆိုတဲ့ လှပတဲ့ပန်းချီကားလေး

ပန်းပျိုးမိတယ် အိပ်မက်ပန်းချီကားလေးထဲမှာ
လိပ်ပြာတွေကိုတောင် လာခွင့်မပေးဖူး
ဒါပေမယ့် ပွင့်လာတဲ့ပန်းက
ကိုယ်နမ်းဖို့ မဟုတ်ခဲ့တော့

မရှိသုံးများလား အချိန်ပိုင်းများလား
ဝိုးတိုးဝါးတား အိပ်မက်မှားခဲ့တယ်
ကိုယ်ရေးတဲ့စုတ်ချက် ကိုယ်မနိုင်ပဲ
အတ္တတွေ ရောခြယ်ရင်း
အတင်းပုံဖော်မိတဲ့
အရူးတစ်ယောက်လို
လိုရာပုံသွင်းမတတ်တော့
ပေါ်နေတဲ့ပုံရိပ်တွေက ဘာသာပြန်ခက်စေတယ်
မုသားတွေအနားကွပ်
လိမ်ညာကတိတွေ ပလီသစ္စာတွေက
ပန်းချီကားလေးကို အရောင်မှိန်စေခဲ့တယ်
အချိန်ကြာတော့ ကိုယ့်အိပ်မက်ပန်းချီကို
ကိုယ်တိုင်မခံစားနိုင်တော့ဖူး

ဒွိဟတွေက
ချောင်တနေရာက ထွက်ပေါ်လာပြီး
ချာချာလည်သံသယတွေက
ဦးနှောက်ဖောက်စားလို့
စုတ်ချက်တွေကြမ်းစေခဲ့ပြန်တယ်

နောက်ဆုံးတော့
အတ္တပါးပါးနဲ့ ခြယ်သထားတဲ့
ငါ့ပန်းချီကားလေး
ပင့်ကူမျှင်တွေနဲ့ ရင်ဘတ်ထောင့်တစ်နေရာမှာ
 ဟောင်းနွမ်းသွားတယ်


...............အက္ခရာမဲ့ကြောက်စိတ်


ရင်ဘတ်ကိုဖွင့်ကြည့်တဲ့အခါ
ဟောင်းလောင်းဖြစ်နေတဲ့ နှလုံးသား
ခေါင်းမိုးမလုံတဲ့ ချစ်ခြင်းတရား
ကြမ္မာ မိုးစက်တွေကြား
ခိုက်ခိုက်တုန် ချမ်းအေးနေရဲ့

သူက နေ့ဆို ကိုယ်က ည
ကိုယ်က နေ ဆိုရင် သူက လ
မတူညီတဲ့ ဘဝတွေ
လွဲချော် တိမ်းစောင်းနေတော့လည်း

ဝင်္ကါလိုရှုပ်တဲ့ ဘဝက တကယ်ကို
သံစဉ်တွေမဲ့လွန်းတယ်
ထပ်တူကျဖို့ မျဉ်းပြိုင်တွေ ဆုံဖို့လိုတယ်
ခက်တာက အချစ်တွေအေးစက်နေလို့တဲ့

ရီဝေဖို့ အက်စစ်ခွက်တွေ ဆင့်ချတော့
အော့အန်မူးဝေ ပက်လက်ကို လန်ခဲ့တယ်
နောက်ဆုံး ကိုယ့်အန်ဖတ် ကိုယ်ကျုံးရင်း
နောင်တတွေနဲ့ ချစ်ခြင်း
ညက အိပ်ပျော်မြန်ခဲ့တယ် ကိုယ်လက်ကိုက်ခဲလို့

အိပ်မက်ထဲမှာ သီချင်းညည်းတော့
မင်းက ငါ့ကို မချစ်တော့ဖူး
မင်းက ငါ့ကို မချစ်တော့ဖူးတဲ့

ကုဋေကုဋာ မျက်လုံးတွေကြား
ကုဋေကုဋာ စကားလုံးတွေကြား
အပြစ်တွေ ပိပြားနေတဲ့ ငါ့မှာတော့
ပြုံးပြရခက် မဲ့ပြရခက်နေတယ်

တချိန်ချိန် ခွဲရမယ့် သင်္ခါရတရားကို
ပြန်ရှု့ဖို့ တရားပြကြအုံး
ကူးခတ်ဖို့ လက်အံလည်းသေနေပြီ
ဘဝပင်လယ် အလယ်မှာ
လက်တစုံကမ်း လာတောင်
လှမ်းဖို့ စိုးကြောက်နေပြီ........... ....................

              ဟူး
..........
ဟူးးးးး............
မင်းနဲ့ဆုံတိုင်း ရင်တုန်နေရပါလား မေ
ရှက်ပြုံးတွေနဲ့ အုံပုန်းအဖြစ်တွေကို
မေမြင်သွားမှာ စိုးလိုက်ရတာ
ကိုယ့်လိပ်ပြာ ကိုယ်ညာရင်း မောမိတယ်

ဟူးးးးး..............
ပိုးဖလံမျိုးလိုပါပဲ
မီးလိုပူမလား စိုးမိလည်း တိုးမိချင်တယ်
မေရယ်....
မျက်ဝန်းအကြည့်မှာ သက်ဆုံးမေသာ
သိလိုက်ပါတော့လား
ဖွင့်မပြောလည်း ရင်ဘတ်ထဲက
ညစ်ထုတ်လိုက်တဲ့ ကဗျာလေးရှိတယ်

ဟူးးးးး.............
ငပိနဲ့စားပြီး လက်မဆေးမိသလိုပါပဲ
မေ့အရိပ်တွေ ရိပ်ရိပ်စွဲနေတယ်
တရေးနိုးတိုင်း မေ့အသွင်လေး စိုးမိုးရင်း
ချွေးပြန်ရင်း တွေးလိုက်မိတယ်
မေ.....နဲ့တန်ပါ့မလား
မေ.....လက်သင့်ခံပါ့မလား
မေ....နားလည်ပါ့မလား
ခံစားချက်တွေများပြီး
အိပ်ရေးတွေပျက်နေတယ် မေ.....

ဟူးးးး............
သူငယ်ချင်းက ဂီတာခေါက်တယ် မေ
ဒဏ်ရာဟောင်းကို ရေးဆေးလိုက်ပါ့မယ်
မောင့်တပတ်နွမ်းတဲ့
တိုက်ဆိုင်တာမဟုတ်ဖူး မေရေ...
တမင်ဆိုပြတာတဲ့လေ

ဟူးးးးး.....
အရမ်းခက်ခဲတယ် မေ
တကယ်ခက်ခဲတယ် မေ
ကဗျာလည်းမရေးချင်ဖူး
သီချင်းလည်း မညည်းချင်ဖူး
စာတွေလည်း မရေးချင်တော့ဖူး မေရယ်......

ဟူးးးး....
မေ့မျက်နှာလေးတော့
အချိန်တိုင်း မြင်နေချင်ရဲ့
မေရေ....ရယ်ချင်ရယ်စေ
ပြုံးချင်ပြုံးစေ
လှောင်ချင်လည်း လှောင်တော့မေ
တကယ် အုံပုန်းဘဝ ဆိုးလှပါတယ် မေ.....



 ...........တရားစီရင်ခဏ်း...


မိုးသောက်လို့ ရောင်နီလာမယ်မျှော်မိလည်း
မိုးတွေအုံ့ နေရောင်ဖျော့နေသေးတယ်
မိုးလင်းလို့ အမြင်မလင်းသေးတဲ့ အမြင်
တချိန်လုံး တိတ်ဆိတ်နေတဲ့
တုံးအောက်က ဖားတွေက
မိုးသံသဲ့သဲ့ ကြားကာမှ အော်မြည်လိုက်တာ
သောသောညံလို့
ဒါပေမယ့်
မိုးနည်းနေသေးတယ်.....

ရွာမလို ဟန်ပြ ဟန်ပြင် ဟန်ဆင်းပြီးကာမှ
ပူလိုက်တာများ နေမင်းရဲ့ အငြိုးလေလား
အပြစ်ဆိုကြားသလား အောက်မေ့ရတယ်
ရွာလိုက်တဲ့ မိုးရယ်
တို့တမြို့လုံး ရေတွေကို ဖုံးလို့.........

ရွဲ့ရွာချလိုက်သလား မှတ်ရတယ်
မိုးလာဖို့ မမျှော်ဝံတော့ဖူး
သည်းပုံထူးလိုက်တဲ့မိုး ဗွက်တွေကိုထလို့....

ပူလွန်းလို့ တမ်းတမိတာပါ
ချစ်လွန်းလို့ ရမ်းခေါ်မိတာမဟုတ်ဖူးနော်
တော်ကြာနေ အပိုကဲပြီး
လေတွေပါ ပြိုယဲ့လာမှာစိုးတယ်
ဟိုးတုန်းက ကပ်ဆိုး ကြောင့်
တို့သွေးသား မျိုးဆွေတွေ ဘဝဆုံးပြီးပြီ
ဒီတခါ မိုး...ရေ.... မင်းနည်းနည်းလေး ညှာတာပါအုံး
သမိုင်းတွေ နောက်ပြန်မလှည့်ပါရစေနဲ့
ရင်နာလွန်းလို့......

တရားတွေမဲ့လာတဲ့
လူသားတွေကြောင့် ပြောင်းလဲလာတယ်တဲ့

ငါတို့မှားပေမယ့် လိုက်တော့ မညိုးပါနဲ့လား
သဘာဝတရားရယ်....
တကယ်ဆို တို့ဟာ
ကျောက်ခေတ်ကစ
it ခေတ်ထိ ကိုယ်ထူကိုယ်ထခဲ့ရတာ
ဖန်ဆင်းရှင်မရှိခဲ့ပါဖူး.....
ရုန်းရင်း ကန်ရင်း ရလာတဲ့ ရလဒ်တွေက
အကောင်းနဲ့အဆိုး ရောသမမွှေလို့လေ...

အဆိုးတွေချည်း လှိမ့်ပိတ် ခံနေဖို့
တကယ်ဆန္ဒမရှိကြတာပါ
ခက်တာက အမှားတွေများနေဆဲ
အဆိုးတွေကို ဖန်တီးနေဆဲ
အတ္တတွေပုံဖော်နေဆဲ
အချင်းချင်း ရန်စောင်နေဆဲ
ကောက်ကျစ်နေဆဲ သတ်ဖြတ်နေဆဲ
ကတုံးပေါ်ထိပ်ကွက်နေဆဲ
အမုန်းတရားပွားနေဆဲပဲမို့
ဒဏ်ခတ်တယ်ဆိုလည်း
တကယ်တော့
တို့လူသားတွေ ဖန်တီးတဲ့ တရားက
တို့ကိုပြန် စီရင် နေပါလား......

ဟူးး မောတယ်
ကိုယ့် ကိုယ်တောင် မပိုင်တဲ့ဘဝ
သူများဆိုဝေလာဝေး
မပိုင်သေးတော့ ညီဖို့ ညွတ်ဖို့ အာခေါင်ပူ အောင်
အော်နေ ဟစ်နေလဲ အသံပြာတာပဲ အဖတ်တင်
လူစွာကြီး အဖြစ်မြင်
လူတကာ အပစ်မြင်မယ့် ဒီလမ်းကို
လျှေက်နိုင်ဖို့ဆိုတာ
ဒီလူ တော်တော် လေးစားဖို့ကောင်းနေပြီ....

အတင်းချီ သတင်းသီ
လောကလူသား ဗီဇများလည်း
လမ်းတိုင်းမှာ ခလုတ်ရှိတာ ဓမ္မတာ
တခုတိုက် တခါထ နှစ်ခုတိုက် နှစ်ခါ ပြန်ထ
အနာတွေလည်း ဘလဗွ အရေထူ
တော်ရုံဆို
ပျင်းတောင်ပျင်းသေးတယ်
မထီမဲ့ သဘောလေးထားလိုက်မယ်
နေတတ်သလို အနေအေးမယ်
ခေါင်း မလေးဖူး

လာပါ တိုက်ပါ တွန်းပါ ကလော်ပါ
နည်းနည်းမှ မဖြုံတော့ဖူး
သဘာဝတရားကိုတောင် အံတုနေတာ
လူကန့်လန့်များကိုတော့ ပြုံးပြနေလိုက်မယ်..

မိုးရာသီမှာ ဖားအော်မယ်
နွေမှာ နေပူမယ်
ဆောင်းမှာ ချမ်းချင်မှချမ်းမယ်
ဖြစ်ချင်တာဖြစ် တို့တွေက ကိုဘချစ်ပဲ

မိုးလား သည်းစမ်းပါ
နွေလား ပူစမ်းပါ
ဆောင်းလား အေးစမ်းပါ
နောက်ဆုံးတော့လည်း အချိန်တွေ ကုန်တာပဲလေ
စက်ဝိုင်းထဲက အချင်းချင်း
ဖဲ့ချင်ဖဲ့ ဆော်ချင်ဆော် မြောက်ချင်မြောက်
ချွန်ချင်ချွန် ဘယ်သူပြုပြု မိမိမှု
သာရင် စံထား နာရင်လည်းခံထားအုံးပေါ့

လောလောဆယ်တော့ မိုးသည်းနေတယ်
အဲဒီ အဖြစ်ကို အမှတ်ရနေသေးတယ်
တို့အချင်းချင်း သွေးကွဲနေတာကို
အခွင့်ကောင်းမယူပါနဲ့
သဘာဝတရား မင်းမှတ်ထားဖို့က
လူသားတွေထဲမှာ လူကောင်းတွေရှိနေသေးတယ်......

No comments:

Post a Comment